မန္တလေး ၃၀ ဇွန်

 

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်အတွင်းရှိ ဆည်တော်ကြီး ရေလှောင်တမံမှ မန္တလေးတိုင်းဒေသကြီး မန္တလေးခရိုင်အတွင်းရှိ မတ္တရာ၊ ပုသိမ်ကြီး၊ အမရပူရမြို့နယ်အတွင်းသို့ စိုက်ပျိုးရေပေးဝေလျက်ရှိရာ ပုသိမ်ကြီးမြို့နယ် ရန်ကင်းတောင်ကျေးရွာ ရေသောက်စနစ်တွင် ဆည်ရေအသုံးချသူများအဖွဲ့ ဖွဲ့စည်းခြင်းအခမ်းအနားကို ဇွန် ၃၀ ရက် မွန်းလွဲ ၂ နာရီခွဲက အဆိုပါကျေးရွာရှိ အနန္တမေတ္တာ ဓမ္မာရုံတွင် ကျင်းပသည်။

 

အခမ်းအနားတွင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစံမင်းထွန်းက ရေအသုံးချသူများအဖွဲ့ ဖွဲ့စည်းရခြင်း ရည်ရွယ်ချက်များ၊ တူးမြောင်း ဥပဒေ၊ နည်းဥပဒေများကို ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဇော်ဝမ်းက WUG ရေအသုံးချသူများအဖွဲ့ ဖွဲ့စည်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပူးပေါင်းပါဝင် ဆည်မြောင်းစနစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ရေအသုံးချသူများအသင်း WUA များ တိုးချဲ့ ဖွဲ့စည်းနိုင်ရေးအတွက် ရှင်းလင်းပြောကြားသည်။

 

အခမ်အနားတွင် ရေအသုံးချသူများအဖွဲ့ WUG အဖွဲ့သုံးဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်ပေးခဲ့ကာ အမှတ်တရ အင်္ကျီများ၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး တက်ရောက်လာကြသည့် တောင်သူများ၏ မေးမြန်းချက်များကို တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)