မြိတ် ၃၀ ဇွန်

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ မြိတ်တောင်နယ်မြေ ထားဝယ်ကမ်း(၂)ရပ်ကွက် စိတ္တလမ်းတွင် ဇွန် ၃၀ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၅၀ ခန့်က ဦးသန်းဇော်၏  အလျား(၃၀)ပေ၊ အနံ (၅၀)ပေခန့်ရှိ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း၊  (၁)ထပ်နေအိမ်တွင် ၎င်း၏ညီမဖြစ်သူ ဒေါ်စန်းစန်းလွင် (ခ) ပုငယ် (စိတ်ဝေဒနာသည်)မှ ဘုရားစင်အနီးရှိ နတ်စင်၌ ဖယောင်းတိုင်မီးပူဇော်ထားရာမှ မီးစတင်လောင်ကျွမ်းခဲ့ပြီး နေအိမ်(၃)လုံး မီးလောင်ကျွမ်းခဲ့၍ ထိခိုက်ဒဏ်ရာရ သေဆုံးမှုမရှိကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

 

မီးလောင်မှုအား ပြည်သူတစ်ဦးမှ မီးသတ်ဦးစီးဌာနသို့ ဖုန်းသတင်းပေးသဖြင့် ဗဟိုမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၄)စီး၊ ရေသယ်ယာဉ် (၄)စီး၊ ရှာဖွေကယ်ဆယ်ရေးယာဉ် (၁)စီး၊ လူနာတင်ယာဉ် (၁)စီး၊ အုပ်ချုပ်မှုယာဉ် (၁)စီး၊ အရန်မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ် (၈)စီး၊ ရေသယ်ယာဉ် (၆)စီး၊ လူနာတင်ယာဉ်(၂)စီး၊ တပ်မတော်(လေ)မှ ရေသယ်ယာဉ် (၁)စီး၊ လူမှုရေးအသင်းအဖွဲ့များမှ လူနာတင်ယာဉ် (၅)စီး စုစုပေါင်း (၃၃)စီးဖြင့် ခရိုင်မီးသတ် ဦးစီးဌာနမှူး ဦးဇော်ဝင်း ဦးဆောင်၍ သန္ဓေ+အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ စုပေါင်း၍ မီးသတ်ခဲ့ကြရာ မွန်းလွဲ ၂ နာရီ ၁၈ မိနစ်တွင် မီးငြိမ်းခဲ့သည်။

 

မီးလောင်မှုကြောင့် ဦးသန်းဇော်၏ နေအိမ်အပါအဝင် ဦးစိုးမြင့်၏ အလျား(၃၀)ပေ၊ အနံ (၅၀)ပေခန့်ရှိ  သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း၊  (၂)ထပ်နေအိမ်တစ်လုံး၊ ဦးထွေးဝင်း၏ အလျား(၃၀)ပေ၊ အနံ (၅၀)ပေခန့်ရှိ  သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း၊ (၂)ထပ်နေအိမ်တစ်လုံး စုစုပေါင်း နေအိမ်(၃)လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးမှာ (၇၃)သိန်းခန့်ရှိကြောင်း၊ မီးလောင်မှုတွင် တာဝန်ရှိသူ ဒေါ်စန်းစန်းလွင်အား ဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

 

ခိုင်ထူး (မြိတ် ပြန်/ဆက်)