မင်းဘူး ၁ ဇူလိုင်

 

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် မင်းလှကျင်းကျေးရွာအုပ်စု လေးပင်ကျေးရွာတွင် ကျေးရွာနေ ပြည်သူများ ရာသီမရွေး သောက်သုံးရေ ဖူလုံစွာအသုံးပြုနိုင်စေရန် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများ  ရာနှုန်းပြ​ည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

 

လေးပင်ကျေးရွာ သောက်သုံးရေရရှိရေးအတွက် အနက်ပေ ၆၈၀ ရှိ ၄ လက်မ စက်ရေတွင်း၊ အလျား ၁၀ ပေ၊ အနံ ၈ ပေ၊ အမြင့် ၈ ပေရှိ ရေစက်ရုံနှင့် ဂါလန် ၂၄၀၀ ဆံ့ စင်မြင့်ရေစင် တည်ဆောက်ခြင်း လုပ်ငန်း တို့ကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ယခုဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၂၅ ဒသမ ၈ သန်းဖြင့်  ဌာနမှအင်ဂျင်နီယာများစုဖွဲ့ကာ စက်ရေးတွင်း တူးဖော်ခြင်းလုပ်ငန်းနှင့် အလျား ၁၀ ပေ၊ အနံ ၈ ပေ၊ အမြင့် ၈ ပေရှိ ရေစက်ရုံနှင့် ဂါလန် ၂၄၀၀ ဆံ့ စင်မြင့်ရေစင် တည်ဆောက်ခြင်းလုပ်ငန်းအား တင်ဒါအောင်မြင်သော အောင်စေကုမ္ပဏီမှ ဧပြီ ၂၅ ရက်မှ စတင်ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး​ပြီဖြစ်သည်။

 

အဆိုပါစက်ရေတွင်းမှာ တစ်နာရီလျှင် ရေထွက်နှုန်း ဂါလန် ၁၈၀၀ ထွက်ရှိ၍ လေးပင်ကျေးရွာရှိ အိမ်ခြေ ၃၈၀ အိမ်၊ လူဦးရေ ၁၆၀၆ ဦးနှင့် ကျွဲနွားတိရစ္ဆာန်များပါ ရာသီမရွေး သောက်သုံးရေဖူလုံစွာ အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

 

မင်းဘူးမြို့နယ်အတွင်း ၂၀၁၀-၂၀၂၀ ခုဘဏ္ဍာရေးနှစ်တွင် လေးပင်ကျေးရွာအပါအဝင် ကျေးရွာပေါင်း ခုနစ်ရွာတွင် စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်း ငါးခု၊ မြေသားရေကန်တူးဖော်ခြင်း တစ်ခုနှင့် အခြားရေ ရရှိရေးလုပ်ငန်း တစ်ခု စုစုပေါင်းလုပ်ငန်း ခုနစ်ခုတို့ကို ​ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန  ရန်ပုံငွေကျပ် ၁၃၆ ဒသမ ၂ သန်းဖြင့် လုပ်ငန်းများအားလုံး အကောင်အထည်ဖော်ဆောင်ရွက် ပြီးစီးပြီဖြစ်ကြောင်း မင်းဘူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးအောင်ဘုန်းလင်းက ​ပြောသည်။

 

သူရိန်(မင်းဘူး)