ပဲခူး ၁ ဇူလိုင်

 

တိုင်းဒေသကြီးအဆင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ(MSME) ဖွံ့ဖြိုးတိုးတက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက     ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး  တော်ဝင်ဟံသာခန်းမ၌ ကျင်းပပြုလုပ်သည်။

 

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်နိုင်ရေး အေဂျင်စီအဖွဲ့(MSME) နာယက၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက နိုင်ငံတော်အဆင့် မှာလည်း MSME အဖွဲ့ကို နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့မှ ဦးဆောင်ဖွဲ့စည်း ဆောင် ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအား စိုက်ပျိုးရေးကိုအခြေခံပြီး စက်မှုနိုင်ငံတော် တည်ထောင် နိုင်ရေးအတွက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် အလွန် အရေးကြီးကြောင်း၊ နိုင်ငံတော်၏ Myanmar Sustainable Development Plan (MSDP) မြန်မာနိုင်ငံ၏ ရေရည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း ရည်မှန်းချက်များ အကောင် အထည်ဖော်ရာတွင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို တစ်ဖက်တစ်လမ်းမှ မြှင့်တင်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းများ အဆင့်မြှင့်တင်ခြင်းနှင့် ရေရှည်ရပ်တည်နိုင်ရေးတို့အတွက် ချေးငွေရရှိနိုင်ရေးကိုလည်း ထည့်သွင်းဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

 

ထို့နောက် ပဲခူးတိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်နိုင်ရေး အေဂျင်စီအဖွဲ့(MSME) ဥက္ကဋ္ဌ၊ စက်မှု၊လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းဝင်းက MSMEလုပ်ငန်းများ တွင်ကျယ်လွတ်လပ်စွာ ဆောင်ရွက်နိုင်မှသာ တိုင်းပြည်စီးပွားရေး အထောက်အကူ ဖြစ်စေနိုင်မှာဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍများတွင် ပြည်ပစီးပွားရေး လုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်နေရသလို ပြည်တွင်းလုပ်ငန်းရှင်များ၏ လိုအပ်ချက်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးမှသာ တိုင်းပြည်၏ ရေရှည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ထို့နောက် အစိုးရအဖွဲ့အတွင်းရေးမှူးဦးခင်မောင်ဆန်းနှင့် တက်ရောက်လာသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်နိုင်ရေး အေဂျင်စီအဖွဲ့(MSME) အဖွဲ့ဝင်များက လုပ်ငန်းမှတ်ပုံတင်ရေး၊ အသင်းဝင်ကတ်ရရှိနိုင်ရေး၊ ချေးငွေထုတ်ချေးနိုင်ရေးတို့အား အကြံပြုတင်ပြဆွေးနွေးကြရာ ဝန်ကြီးချုပ်ဦးဝင်းသိန်းက လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်းပြောကြားခဲ့သည်။

 

အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းဝင်း၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်းနှင့် သက်ဆိုင်ရာ အဖွဲ့ဝင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဘဏ်လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

 

တင်စိုး(ပဲခူး)