ဘားအံ   ၁ ဇူလိုင်

 

ကရင်ပြည်နယ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လယ်ယာဖွံ့ဖြိုးရေး ကဏ္ဍများတွင်လည်း အထိုက်အလျှောက် ထိခိုက်မှုများရှိခဲ့သဖြင့် ၂၀၂၀ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေရရှိ တောင်သူ လယ်သမားများအား ကိုဗစ်-၁၉ အထူးချေးငွေအဖြစ် စိုက်ပျိုးစရိတ် တစ်ဧကလျှင်ကျပ် ၅၀ဝ၀ဝ နှုန်းကို မိုးစပါးအပြင် ထပ်ဆောင်းချေးပေးလျှက်ရှိရာ ဇွန်လ(၃၀)ရက် မွန်းလွဲပိုင်းက ဘားအံမြို့စုပေါင်းရုံးရှိ မြို့နယ်မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် ချေးငွေထုတ်ချေးပေးနေမှုကို ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်က သွားရောက် ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။

 

ကရင်ပြည်နယ်အတွင်းရှိ တောင်သူလယ်သမားများအတွက် မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေများမှာ လယ်မြေတစ်ဧကလျှင် (၁၅၀ဝ၀)ကျပ် နှုန်းဖြင့် စိုက်ဧက(၄၁၀၃၆)အတွက် ကျပ်သန်း(၆၁၅၅.၄၀)အား မေလ (၁၅)ရက် မှစတင်ကာ ထုတ်ချေး လျှက်ရှိပြီး ကိုဗစ်-၁၉ကပ်ရောဂါကြောင့် လယ်ယာဖွံ့ဖြိုးရေး ကဏ္ဍများတွင်လည်း အထိုက် အလျောက် ထိခိုက်မှုများရှိခဲ့သဖြင့် တောင်သူလယ်သမားများအား ထပ်ဆောင်း၍ ကိုဗစ်-၁၉ အထူးချေးငွေအဖြစ် တစ်ဧကလျှင် ကျပ်(၅၀ဝ၀ဝ)နှုန်းဖြင့်  ငွေကျပ်သန်း (၁၂၁၃.၁၀) သန်းအား ၂၀၂၀ခုနှစ်၊ဇွန်လ(၂၆)ရက်တွင် လှိုင်းဘွဲမြို့နယ်နှင့်ကော့ကရိတ် မြို့နယ်တွင် လည်းကောင်း၊ ဇွန်လ(၃၀)ရက် နေ့တွင် ဘားအံမြို့နယ်တွင်လည်းကောင်း၊ဇူလိုင်လ(၃)ရက် နေ့တွင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် လည်းကောင်း၊ စတင်ကာထုတ်ချေးလျှက်ရှိကြောင်း ပြည်နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ပြည်နယ်မန်နေဂျာ ဦးသိန်းဇော်ထံမှ သိရသည်။

 

ဘားအံမြို့အတွက် ယနေ့ထုတ်ချေးမှုမှာ မိုးစပါး၂၃၄သိန်း၊ကိုဗစ်၁၉အထူး ချေးငွေ(၇၈)သိန်း စုစုပေါင်း (၃၁၂) သိန်းကို  မြိုင်ကလေးကျေးရွာရှိ တောင်သူ(၃၆)ဦးထုတ်ချေးကြောင်းနှင့် ထုတ်ချေး ပေးနေမှုကို ကရင်ပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေး ဝန်ကြီးဦးသန်းနိုင်၊ ပြည်နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ပြည်နယ်မန်နေဂျာ ဦးသိန်းဇော်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုး ဦးဇေထက်အောင်တို့က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ဘားအံခရိုင်ပြန်/ဆက်