ထန်တလန်   ၁   ဇူလိုင် 

 

ချင်းပြည်နယ် ဟားခါးခရိုင် ထန်တလန်မြို့တွင် ၂၀၂၀-၂၀၂၁ ပညာသင်နှစ် အခြေခံပညာအထက်တန်း အဆင့် Grade-10 (သင်ရိုးသစ်) မြို့နယ်အဆင့် စုပေါင်းသင်တန်းကို ယနေ့ နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ နည်းပြ ၁၀ ဦးတို့ဖြင့် ပို့ချပေးလျက်ရှိကြောင်း သိရသည်။



သင်တန်းတွင် မြို့နယ်အဆင့် (online training ) နည်းပြ ဆရာ ဆရာမသင်တန်း၌ ဇွန် ၁၂ ရက် မှ  ဇွန် ၁၃ ရက်အထိ တက်ရောက်ခဲ့ကြသည့်  နည်းပြဆရာ  ၄၀ တို့အနက် နည်းပြဆရာ ၁၀ ဦးက ထန်တလန်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း ဆရာ ဆရာမများကို ပြန်လည်၍ ဆင့်ပွားပို့ချပေးခြင်းဖြစ်ပြီး အခြေခံပညာဦးစီးဌာန၏ လမ်းညွှန်ချက်များ၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ စာသင်ခန်း ၁၀ ခန်းတွင် တစ်ခန်းလျှင် သင်တန်းသား ငါးဦးကို နည်းပြ တစ်ဦးစီဖြင့်  ဆက်လက်ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။



အဆိုပါ အခြေခံပညာအထက်တန်းအဆင့် Grade-10 (သင်ရိုးသစ်) သင်တန်းသို့  ဆရာ ဆရာမ ၅၀ တက်ရောက်ခဲ့ပြီး ပထဝီဝင်၊ ရူပဗေဒ၊ သင်္ချာ၊ သမိုင်း/အနုပညာပန်းချီ၊ မြန်မာစာ၊ ကာယ/စာရိတ္တ၊ အင်္ဂလိပ်စာ၊ ဓာတုဗေဒ၊ ဘောဂ/ဂီတ၊ ဇီဝဗေဒ ဘာသာရပ် ၁၀ မျိုးကို  ဇူလိုင် ၂ ရက်မှ စတင်၍ ခုနစ် ရက်ကြာ  ဆက်လက်ပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ် မှူး ဦးဇော်လင်းထံမှ သိရသည်။

 

မြို့နယ်(ပြန်/ဆက်)