စလင်း   ၁  ဇူလိုင်

 

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် ကုန်းတဲကျေးရွာတွင် ကျေးရွာ ဖွံ့ဖြိုးရေးစီမံကိန်း VDP ထောက်ပံ့ရန်ပုံငွေ၊ ကျေးရွာပြည်သူထည့်ဝင်ငွေများဖြင့် လူကူးသစ်သားတံတားတည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယခုအခါ ‌ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း စလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

 

အဆိုပါလူကူးသစ်သားတံတားမှာ အရှည်ပေ ၂၆၀၊ အကျယ် ၅ ပေ၊ အမြင့် ၁၈ ပေရှိပြီး ကျေးရွာ ဖွံ့ဖြိုး ရေးစီမံကိန်း‌မှ ပံ့ပိုးငွေကျပ် ၁၀ သန်း၊ ကျေးရွာပြည်သူလူထုမှထည့်ဝင်ငွေ ကျပ် ၄ ဒသမ ၉ သန်း၊ စုစုပေါင်းကုန်ကျငွေ ကျပ် ၁၄ ဒသမ ၉သန်းအကုန်အကျခံကာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ အင်ဂျင်နီယာများ၏ နည်းပညာအကူအညီ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင်‌ ယခုနှစ် မတ်လအတွင်းမှစ၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခုအချိန်တွင် ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း စလင်းမြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးခိုင်က ပြောသည်။

 

ကျွန်တော်တို့ကျေးရွာမှာ အရင်က လူကူးသစ်သားတံတားရှိပေမယ့် တံတား တည်ဆောက်ထားတာ  နှစ်ကာလကြာမြင့်နေပြီဖြစ်လို့ ဟောင်းနွမ်းဆွေးမြည့်နေတာကြောင့် မိုးတွင်းကာလ မြစ်ရေကြီးချိန်မှာ သွားရေးလာရေး ခက်ခဲခဲ့ရပါတယ်။ အဲဒါကြောင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ကို အကူအညီတောင်းခံတင်ပြခဲ့ပြီး ဌာနမှ ထောက်ပံ့ငွေ၊ ကျေးရွာပြည်သူထည့်ဝင်ငွေများနဲ့ တံတား အသစ်တစ်စင်း တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ တံတား အသစ် တည်ဆောက်ပြီးစီး သွားပြီဖြစ်လို့ ကုန်းတဲကျေးရွာအပါအဝင် အခြားကျေးရွာများရှိ အိမ်ခြေ ၃၀၀ ‌ကျော်မှ လူဦးရေ ၁၀၀၀ ကျော်ကို လမ်းပန်းဆက်သွယ်မှုကောင်းမွန်ရေး အကျိုးပြုမှာဖြစ်ပါတယ်” ဟု  ကုန်းတဲကျေးရွာမှ ကျေးရွာဖွံ့ဖြိုးရေးကော်မတီဥက္ကဋ္ဌ  ဦးမောင်မောင်မြင့်က ပြောသည်။

 

ငြိမ်းသူ(စလင်း)