မုံရွာ ၁ ဇူလိုင်

 

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဆည်၊မြောင်း၊ တမံများအတွင်းသို့ ငါးသားပေါက်ကောင်(၂၅.၅)သိန်းကို စိုက်ထည့်ပေးသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးထွန်းထွန်းဝင်း ထံမှသိရသည်။

 

ဒေသတွင်းပြည်သူများ ငါးစားသုံးမှုဖူလုံစေရန်၊ ရေချိုငါးမျိုးစိတ်များ ပြုန်းတီမှုမရှိစေရန်၊ ငါးသယံဇာတ ပေါကြွယ်၀ စေရန်၊ ဆည်မြောင်း၊တမံများမှ တစ်ဆင့် မြစ်ချောင်းများအတွင်းသို့ ရေချိုငါးမျိုးစိတ်များပြန့်နှံ့ရောက်ရှိ စေပြီး ဒေသတွင်းငါးစားသုံးမှုကို အထောက်အကူဖြစ်စေရန် ငါးမျိုးစိတ်များကို စိုက်ထည့်ပေးခြင်းဖြစ်ကြောင်း သိရသည်။

 

ငါးသားပေါက်စိုက်ထည့်မည့် အစီအစဉ်အဖြစ် စစ်ကိုင်းမြို့နယ်အတွင်းရှိ အုန်းတောဆည်၊ ကျောက်ဖုရားလေး တမံ၊ နှုံးတွင်း(၃)ဆည်၊ ထန်းဖူးတောဆည်နှင့် ဆားတောင်ဆည်များအတွင်းသို့ ငါးသားပေါက် ကောင်ရေ(၂.၅)သိန်း အားလည်းကောင်း၊ မုံရွာမြို့နယ်အတွင်းရှိ ထန်းဇလုပ်ဆည်၊ သာစည်ဆည်နှင့် ဗောဓိတထောင်ဆည်များ အတွင်းသို့ ငါးသားပေါက်ကောင်ရေ(၅)သိန်း  အားလည်းကောင်း၊ ဆားလင်းကြီး မြို့နယ်အတွင်းရှိ ဆားလင်းကြီးဆည်နှင့် ငွေသာဆည်အတွင်းသို့  ငါးသားပေါက်ကောင်ရေ(၃)သိန်းအား လည်းကောင်း၊ တန့်ဆည်မြို့နယ် အတွင်းရှိ မဟာသီရိကန်နှင့် ကာဘိုးဆည်အတွင်းသို့ ငါးသားပေါက် ကောင်ရေ(၃)သိန်းအားလည်းကောင်း၊ ဘုတလင်မြို့နယ်အတွင်းရှိ မြို့သစ်တမံအတွင်းသို့ ငါးသားပေါက် ကောင်ရေ(၁)သိန်းအားလည်းကောင်း၊ ကန့်ဘလူမြို့နယ်အတွင်းရှိ သိန်းရင်ဆည်၊ ကင်းတပ်ဆည်နှင့် လင်ပန်းဆည်များအတွင်းသို့ ငါးသားပေါက် ကောင်ရေ (၃.၅)သိန်းအား ၊ ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည် အတွင်းသို့ ငါးသားပေါက်ကောင်ရေ (၅)သိန်းအား လည်းကောင်း၊ အင်းတော်မြို့နယ်အတွင်းရှိ အင်းတော်လေးအင်း အတွင်းသို့ ငါးသားပေါက် ကောင်ရေ (၁.၅)သိန်းအား လည်းကောင်း၊ ဟုမ္မလင်းမြို့နယ် အတွင်းရှိ နမ့်တလုံးဆည်အတွင်းသို့ ငါးသားပေါက် ကောင်ရေ (ဝ.၅)သိန်းအား လည်းကောင်း၊ ဗန်းမောက် မြို့နယ်အတွင်းရှိ နားယကာဆည်အတွင်းသို့ ငါးသားပေါက်ကောင်ရေ (ဝ.၅)သိန်း အားလည်းကောင်း မျိုးစိုက်ထည့်ပေးသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)