ပုဗ္ဗသီရိ ၁ ဇူလိုင်
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် တည်ထားကိုးကွယ်လျက်ရှိသည့် ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီးရှိ မာလိနီမင်္ဂလာရေကန်တွင် ငါးအရေအတွက် များပြားလာမှုကြောင့် ငါးများ သေကြေပျက်စီးမှုမရှိစေရန်အတွက် ပေါင်းလောင်းမြစ်အတွင်းသို့ ငါးများစနစ်တကျလွှတ်ပေးခြင်းကို ယနေ့နံနက်ပိုင်းမှစတင်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် နေပြည်တော် ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လင်းမြင့်၊ ဥပ္ပါတသန္တိ စေတီတော် ဂေါပကအဖွဲ့ဝင်များနှင့် တာဝန်ရှိသူတို့က မင်္ဂလာရေကန် အတွင်းရှိငါးများအား ထိခိုက်မှုမရှိစေရန်နှင့် သေဆုံးမှုမဖြစ်စေရန်အတွက် စနစ်တကျဖမ်းဆီးပြီး ဇေယျာသီရိမြို့နယ်၊ ကျည်တောင် ကျေးရွာအနီး ပေါင်းလောင်းမြစ်အတွင်းသို့ လွှတ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မာလိနီမင်္ဂလာရေကန်ကို ၂၀ဝ၉ ခုနှစ်မှစတင် တူးဖော်တည်ဆောက်၍ ငါးများ မွေးမြူ ထားရှိခဲ့ခြင်းဖြစ်ပြီး ယခုအခါ ငါးအရေအတွက် များပြားလာမှုကြောင့် ရေကန်အတွင်းရှိ ငါးအချို့အား ပေါင်းလောင်းမြစ်အတွင်းသို့ လွှတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ကံချွန်(ပြန်/ဆက်)


