နေပြည်တော် ၁ ဇူလိုင်
ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးများကျင်းပရေး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၃/၂၀၂၀) ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဆောင်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်က လုပ်ငန်းကော်မတီအသီးသီးမှ တာဝန်ရှိသူများနှင့် လွှတ်တော်ရုံး ဝန်ထမ်းများ၏ ပူးပေါင်းပါဝင်မှုဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ၏ ကြီးမားသည့်စိန်ခေါ်မှုကို တုံ့ပြန်ကာကွယ်ထိန်းချုပ်၍ လွှတ်တော်အသီးသီး၏ (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါကြောင်း၊ လာမည့်ဒုတိယအကြိမ် လွှတ်တော်အသီးသီး၏ (၁၇)ကြိမ်မြောက်ပုံမှန် အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင် ၁၃ ရက်တွင် စတင်ကျင်းပရန် ကြေညာထားပြီးဖြစ်ပါကြောင်း၊ ခေါ်ယူထားသည့် လွှတ်တော်အစည်းအဝေးများတွင် ပြည်ထောင်စုအစိုးရအဖွဲ့ကသာ တင်သွင်းခွင့်ရှိပြီး ပြည်ထောင်စုလွှတ်တော်၌သာ ဆွေးနွေးဆုံးဖြတ်ရမည့် ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်အတွက် နိုင်ငံတော်၏ အမျိုးသားစီမံကိန်းဥပဒေကြမ်း၊ ပြည်ထောင်စု၏ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းနှင့် အခွန်အကောက်ဥပဒေကြမ်းတို့ အပါအဝင် လွှတ်တော်ဆိုင်ရာ လုပ်ငန်းများကို ဦးစားပေးအလိုက် ဆောင်ရွက်မည်ဖြစ်ပါကြောင်း။
ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်မှုအရ လွှတ်တော်ကိုယ်စားလှယ်များအား ကျန်းမာရေးဆေးစစ်မှု ခံယူနိုင်ရေးအတွက် ဇူလိုင်လ ၁၀ ရက်နေ့အရောက် နေပြည်တော်သို့ လာရောက်စေ၍ ၁၁ ရက်တွင် နှာခေါင်းတို့ဖတ် (Nasal Swab) ယူကာ စစ်ဆေးမှုခံယူစေပြီး ၁၂ ရက်တွင် ဓါတ်ခွဲစစ်ဆေးမှု အဖြေရရှိရေးကို ပူးပေါင်းဆောင်ရွက်ရန် အသိပေးအကြောင်းကြားပြီးဖြစ်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၏ လုံခြုံရေး၊ ကျန်းမာရေး၊ သွားလာနေထိုင်ရေး တို့အပါအဝင် လွှတ်တော်အစည်းအဝေး ကျင်းပရေးဆိုင်ရာ ကိစ္စရပ်များကို ပြည်ထောင်စုအစိုးရအဖွဲ့၊ သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း၊ ယခုကျင်းပပြုလုပ်မည့် လွှတ်တော်များ၏ (၁၇)ကြိမ်မြောက်ပုံမှန် အစည်းအဝေးကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီများအနေဖြင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန်နှင့် လုံခြုံရေးနှင့် ကျန်းမာရေးကို အထူးဂရုပြုဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ဗဟိုကော်မတီ နာယက၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက မကြာမီကျင်းပမည့် လွှတ်တော်အသီးသီး၏ (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေးကို အောင်မြင်စွာကျင်းပနိုင်ရန် ယခင်ကျင်းပပြုလုပ်ခဲ့သည့် အစည်းအဝေးများကဲ့သို့ သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများက ညီညီညွတ်ညွတ် စည်းစည်းလုံးလုံး ဝိုင်းဝန်းဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက လုပ်ငန်းကော်မတီအလိုက် စီမံဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်နာယက က လုပ်ငန်းကော်မတီများ၏ ဆွေးနွေးတင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေး၍ နိဂုံးချုပ်အမှာစကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန်၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ သက်ဆိုင်ရာ လုပ်ငန်းကော်မတီ အတွင်းရေးမှူးများနှင့် လွှတ်တော်ရုံးအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်


