နေပြည်တော် ၁ ဇူလိုင်
ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ (၃၂)ကြိမ်မြောက် အရှေ့အာရှပစိဖိတ်ဒေသများနှင့် တောင်အာရှဒေသများအတွက် ပူးတွဲကော်မရှင်အစည်းအဝေး (32nd Commission for East Asia & the Pacific(CAP) – Commission for South Asia (CSA) Joint Meeting) ကို ဇွန် ၃ဝ ရက် မွန်းလွဲ ၁ နာရီခွဲတွင် Video Conferencing ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်လတ်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (UNWTO) အဖွဲ့ဝင်နိုင်ငံ (၁၇)နိုင်ငံမှ ခရီးသွားလုပ်ငန်းဆိုင်ရာ ဝန်ကြီးများနှင့် အဆင့်မြင့် အရာရှိကြီးများ၊ မိတ်ဖက်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ ဟောင်ကောင်၊ မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသရှိ တက္ကသိုလ်များမှ ကျောင်းအုပ်ကြီးများ၊ UNWTO မှ အဆင့်မြင့်အရာရှိကြီးများ Online မှ ပါဝင်တက်ရောက်ကြသည်။
အစည်းအဝေး၌ UNWTO မှ Secretary General ဖြစ်သူ Mr. Zurab Pololikashvili က ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေမှု တုံ့ပြန်နိုင်ရန်အတွက် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ ကနဦးဆောင်ရွက်မှုများ၊ လှုပ်ရှားမှုများနှင့် ပတ်သက်သော အစီရင်ခံစာကို ရှင်းလင်းတင်ပြခြင်း၊ အာရှပစိဖိတ်နိုင်ငံများတွင် ကိုဗစ်-၁၉ အလွန် နိုင်ငံတကာခရီးသွားများကို ပြန်လည်ဖွင့်လှစ်မည့် အခြေအနေများကို ရှင်းလင်းတင်ပြခြင်း၊ CAP-CSA အဖွဲ့ဝင်နိုင်ငံများမှ ကိုဗစ်-၁၉ အား တုံ့ပြန်သည့်မူဝါဒဆိုင်ရာများကို ရှင်းလင်းတင်ပြခြင်း၊ ရင်းနှီးမြှုပ်နှံမှု၊ တီထွင်ဆန်းသစ်မှုများနှင့် နည်းပညာဆိုင်ရာများနှင့် ကမ္ဘာလှည့်ခရီးသွားများ၏ ယုံကြည်စိတ်ချမှုများ ပြန်လည်တည်ဆောက်ခြင်းဆိုင်ရာ အကြောင်းအရာများကို ခရီးသွားလုပ်ငန်းမှ ကျွမ်းကျင်ပညာရှင်များက ရှင်းလင်းတင်ပြခြင်းနှင့် ဆွေးနွေးခြင်းများ ဆောင်ရွက်ကြသည်။
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် ခရီးသွားလုပ်ငန်းအပေါ် ကိုဗစ်-၁၉ သက်ရောက်မှုများကို လျှော့ချနိုင်ရေး ဆောင်ရွက်ထားရှိမှုများ၊ ကိုဗစ်-၁၉ ဆိုင်ရာ ခရီးသွားလုပ်ငန်းကုစားမှုအစီအစဉ်ကို နိုင်ငံတော်ဘတ်ဂျက်ကိုအသုံးပြု၍ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ COVID-19 Myanmar Tourism Strategic Road Map အရ ခရီးသွားလုပ်ငန်း ပြန်လည်မြှင့်တင်နိုင်ရေးအတွက် ဆက်လက်ရပ်တည်နိုင်ရေး၊ ပြန်လည်ဖွင့်လှစ်ခြင်းနှင့် ပြန်လည်မိတ်ဆက်ခြင်းဟူ၍ မဟာဗျူဟာအဆင့် (၃)ဆင့်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှု၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှုများကို ပါဝင်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


