မြစ်ကြီးနား ၁ ဇူလိုင်
အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့အနေဖြင့် ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းစဉ်များတွင် ပါဝင်ကူညီဆောင်ရွက်ပေးကြသည့် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအား အသိအမှတ်ပြု ဂုဏ်ပြုခြင်းအခမ်းအနားကို ယနေ့တွင် မြစ်ကြီးနားမြို့ရှိ ပညာရေးကောလိပ်ရှိ Quarantine Center အဖြစ်ဖွင့်လှစ်ထားသည့်နေရာ၌ ကျင်းပသည်။
အခမ်းအနားသို့ ဦးဆောင်အဖွဲ့ အတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ကချင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ လူမှုရေးဝန်ကြီး၊ လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် မြစ်ကြီးနားမြို့ရှိ ပညာရေးကောလိပ်ရှိ Quarantine Center အဖြစ်ဖွင့်လှစ်ထားသည့် နေရာသို့ရောက်ရှိပြီး စေတနာ့ဝန်ထမ်းကိုယ်စားလှယ်၊ ပရဟိတ ကိုယ်စားလှယ်တို့နှင့် တွေ့ဆုံ၍ ဤကာလတွင် တစ်ဦးချင်း၊ တစ်ဖွဲ့ချင်း တွေ့ဆုံ၍ အခမ်းအနားဖြင့် ဂုဏ်ပြုခြင်းများ ဆောင်ရွက်၍မရကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ Quarantine Center များတွင် ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ကိုယ်စားလှယ်များကတစ်ဆင့် တိုင်းဒေသကြီး တစ်ခုလုံးအတွက် လာရောက်ပေးအပ်ခြင်းဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ လုပ်ငန်းစဉ်များတွင် ပါဝင်ကူညီကြသူများ အားလုံးကို ကျေးဇူးတင်အသိအမှတ်ပြုပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ကချင်ပြည်နယ်အတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး လုပ်ငန်းစဉ်များတွင် ပါဝင်ကူညီဆောင်ရွက်ပေးကြသည့် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအားလုံးအတွက် အသိအမှတ်ပြုဂုဏ်ပြုလွှာများကို ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ထံပေးအပ်ပြီး စေတနာ့ဝန်ထမ်းရင်ထိုးတံဆိပ်များ၊ ပါးစပ်နှင့်နှာခေါင်းစည်းများ၊ လက်သန့်ဆေးရည်များကို စေတနာ့ဝန်ထမ်းနှင့် ပရဟိတကိုယ်စားလှယ်တို့ထံ ပေးအပ်သည်။
ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ရန်ပုံငွေဖြင့် ကချင်ပြည်နယ်အတွင်း Quarantine Center များရှိ ကိုယ်ဝန်ဆောင်မိခင် (၃၁) ဦး၊ အသက် (၅) နှစ်အောက် ကလေး (၆၁) ဦး၊ အသက် (၆၀) နှင့် အထက် သက်ကြီးရွယ်အို (၂၁) ဦးတို့အတွက် တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၃) သောင်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၃၃၉၀ဝ၀ဝ) ကို ပြည်ထောင်စုဝန်ကြီးက ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ Quarantine Center တွင် တာဝန်ယူဆောင်ရွက်နေသော ကျန်းမာရေးတာဝန်ခံထံသို့ ပေးအပ်သည်။
ယနေ့ စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့က ကချင်ပြည်နယ်အတွင်းရှိ မြစ်ကြီးနားခရိုင်၊ ပူတာအိုခရိုင်၊ မိုးညှင်းခရိုင်နှင့် ဗန်းမော်ခရိုင်တို့ရှိ စေတနာ့ဝန်ထမ်း (၁၈၃၀) ဦး၊ ပရဟိတအဖွဲ့ (၇၉) ဖွဲ့တို့အတွက် ပေးအပ်ခဲ့သည့် ဂုဏ်ပြုလွှာများကို သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြို့နယ်စေတနာ့ဝန်ထမ်း ပံ့ပိုးကူညီရေးအဖွဲ့ တာဝန်ရှိသူများက အဆင့်ဆင့်စိစစ်၍ လက်ဝယ်အရောက်ဆက်လက် ပေးအပ်သွားမည်ဖြစ်သည်။
စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့အနေဖြင့် ဂုဏ်ပြုလွှာများပေးအပ်ခဲ့ပြီးသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် စာရင်းကျန်ရှိခြင်းများရှိပါကလည်း စိစစ်၍ မြို့နယ်စေတနာ့ဝန်ထမ်း ပံ့ပိုးကူညီရေးအဖွဲ့ တာဝန်ရှိသူများမှတစ်ဆင့် ဂုဏ်ပြုလွှာများ ထပ်မံပေးအပ်လျက်ရှိပြီး ကျန်ရှိသည့် တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။
ယနေ့ ကချင်ပြည်နယ်အတွင်း ဂုဏ်ပြုလွှာများပေးအပ်ခြင်းနှင့် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရောဂါပြန့်ပွားမှု မရှိစေရေး လိုက်နာရန် ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့် အညီဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


