လားရှိုး ၁ ဇူလိုင်
ရှမ်းပြည်နယ်(မြောက်ပိုင်း) COVID-19 ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် မူဆယ်မြို့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နှင့် ချင်းရွှေဟော်မြို့များရှိ နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် တရုတ်နိုင်ငံမှဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား လားရှိုးမြို့မှတစ်ဆင့် မီးရထားခရီးစဉ်ဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မေ ၆ ရက်မှ စတင်ပြီး စနစ်တကျ လွှဲပြောင်းပို့ဆောင် ပေးလျက်ရှိသည်။
ထိုသို့ လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာတွင် မူဆယ်မြို့၊ လောက်ကိုင်မြို့နှင့် ချင်းရွှေဟော်မြို့များမှတစ်ဆင့် ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများကို စနစ်တကျစိစစ်၍ လားရှိုးမြို့အထိ မော်တော်ယာဉ်များဖြင့် လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိပြီး လားရှိုးမြို့မှတစ်ဆင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မြန်မာ့မီးရထားခရီးစဉ်ဖြင့် ပို့ဆောင်ပေးလျက်ရှိရာ ဇူလိုင် ၁ ရက်တွင် နေရပ်ပြန်ပြည်သူ အမျိုးသား (၉၃)ဦး၊ အမျိုးသမီး (၆၅)ဦး စုစုပေါင်း (၁၅၈)ဦးတို့အား စနစ်တကျ လွှဲပြောင်းပို့ဆောင်ပေးခဲ့သည်။
အဆိုပါ နေရပ်ပြန်ပြည်သူ (၁၅၈)ဦး တို့တွင် ကချင်ပြည်နယ်မှ (၁၅)ဦး၊ ကရင်ပြည်နယ်မှ (၂)ဦး၊ ချင်းပြည်နယ်မှ (၃)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ (၅၀)ဦး၊ နေပြည်တော်မှ (၁)ဦး၊ ပဲခူးတိုင်းဒေသကြီးမှ (၂၇)ဦး၊ မကွေးတိုင်းဒေသကြီးမှ (၂၅)ဦး၊ မန္တလေးတိုင်းဒေသကြီးမှ (၁၈)ဦး၊ ရှမ်းပြည်နယ်မှ (၁)ဦး၊ ရခိုင်ပြည်နယ်မှ (၈)ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ (၃) ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ (၅)ဦးတို့ ဖြစ်ကြသည်။ နယ်စပ်ဂိတ်များမှတစ်ဆင့် ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြည်သူများအား သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ လွှဲပြောင်းပို့ဆောင်ပေးရာတွင် မေ ၆ ရက်မှ ဇူလိုင် ၁ ရက်အထိ အမျိုးသား (၇၁၉၈)ဦး၊ အမျိုးသမီး (၄၄၉၅)ဦး စုစုပေါင်း (၁၁၆၉၃)ဦးတို့ကို လွှဲပြောင်းပို့ဆောင်ပေးနိုင်ခဲ့သည်။
နန်းသန္တာဦး (ပြည်နယ်၊ ပြန်/ဆက်)


