နေပြည်တော် ၁ ဇူလိုင်

 

“ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီ” ၏ (၂/၂၀၂၀) အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် ယခုကော်မတီအစည်းအဝေးသည် မတ် ၄ ရက်တွင် ဆောင်ရွက်ခဲ့သည့် (၁/၂၀၂၀) အစည်းအဝေးအပြီး ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ဖြစ်ပွားနေမှုကြောင့် ယခုအချိန်မှ ပြန်လည်ခေါ်ယူ ကျင်းပနိုင်ခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ (Central Provident Fund-CPF) အကောင်အထည်ဖော်မှုနှင့် စပ်လျဉ်းပြီး နိုင်ငံတော်စီးပွားရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ၏ (၁/၂၀၂၀) အစည်းအဝေးတွင် CPF ကိစ္စကို တင်ပြဆွေးနွေး၍ အထက်အကြီးအကဲများထံမှ လမ်းညွှန်မှုခံယူပြီး ဆက်လက်ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုလာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိပါကြောင်း။

 

ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေဥပဒေ (မူကြမ်း) ကို အတွင်းရေးမှူးရုံးဖြစ်သည့် ပင်စင်ဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလအတွင်း သက်ဆိုင်ရာ ကော်မတီဝင်များ၊ ဆပ်ကော်မတီဝင်များ၊ မိမိတို့ဝန်ကြီးဌာနလက်အောက်မှ ဌာနအဖွဲ့အစည်းများ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီတို့နှင့် ပူးပေါင်းချိတ်ဆက်ပြီး ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ခဲ့ရာ ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေဥပဒေ ဆဋ္ဌမမူကြမ်းကို ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ အပြီးသတ် သဘောထားမှတ်ချက် ရရှိပြီးဖြစ်ကြောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ယခုဇူလိုင်လအတွင်း လွှတ်တော်သို့ ပေးပို့တင်ပြနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝိုင်းဝန်းဆောင်ရွက်ပေးကြသော ကော်မတီဝင်များ၊ ဆပ်ကော်မတီဝင်များ၊ ဆက်စပ်ဌာနများအားလုံးကို အသိအမှတ်ပြု ကျေးဇူးတင်ရှိပါကြောင်း။

 

ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော် ဆောင်ရွက်နေမှုသည် ဝန်ထမ်းများ၏ နောင်ရေးအတွက် ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်နေသည်ဟု ခံယူဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ၏ လိုအပ်သော အချက်အလက်များကိုလည်း အတွင်းရေးမှူးရုံးမှ ကြိုတင်ကောက်ယူ ပြင်ဆင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း၊ ဥပဒေပြဋ္ဌာန်းပြီးပါက နည်းဥပဒေ ထုတ်ပြန်နိုင်ရေးကိုလည်း သက်ဆိုင်ရာ ကော်မတီဝင်များ၊ ဥပဒေကြမ်းပြုစုရေး ဆပ်ကော်မတီဝင်များအနေဖြင့် ဆက်လက်ပြီး ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းလိုပါကြောင်း။

 

နိုင်ငံ့ဝန်ထမ်းပင်စင်စနစ်ကို လက်ရှိအကျိုးခံစားခွင့်များထက် ပိုမိုပေးအပ်နိုင်ရေးနှင့် ရေရှည်တည်တံ့ခိုင်မာမှုရှိသော ရန်ပုံငွေစနစ်ဖြစ်ရေးအတွက် မွန်မြတ်သော ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည့်အတွက် အားလုံးအတူတကွ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်စေလိုပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ယခင် အစည်းအဝေးနှင့် ယခုအစည်းအဝေးကြားကာလတွင် အကောင်အထည်ဖော်မည့်ပုံစံနှင့် ပတ်သက်၍ အဆင့်ဆင့် တင်ပြလမ်းညွှန်မှု ခံယူခဲ့ပြီးဖြစ်၍ အကောင်အထည်ဖော်ဆောင်မည့် အချိန်ဇယား (Time Frame) အရ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း။

 

မိမိတို့ကော်မတီသို့ ပေးအပ်ထားသော လုပ်ငန်းတာဝန်များကို ဆောင်ရွက်ပြီးစီးမှုအား ပြန်လည်သုံးသပ်ရမည်ဆိုလျှင် လက်ရှိနိုင်ငံ့ဝန်ထမ်း ပင်စင်စနစ်၊ လူမှုဖူလုံရေးစနစ်နှင့် သက်ကြီးရွယ်အို ထောက်ပံ့မှုစနစ်များအရ မြန်မာနိုင်ငံနှင့် သင့်လျော်သည့် ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေပုံစံ မူကြမ်းဖော်ဆောင်ခြင်း၊ နိုင်ငံတကာအတွေ့အကြုံရှိ အတိုင်ပင်ခံပုဂ္ဂိုလ်များ ရှာဖွေ၍ ပူးပေါင်းဆောင်ရွက်ခြင်း၊ ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေဥပဒေ ရေးဆွဲနိုင်ရန် ပါဝင်ရမည့် အခြေခံမူဝါဒများ ချမှတ်ခြင်း၊ ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေအတွက် ဆက်လက် အကောင်အထည်ဖော်နိုင်သည့် Master Plan နှင့် Action Plan ရေးဆွဲခြင်း၊ Master Planနှင့် Action Plan များအရ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခြင်းတို့ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။

 

ကော်မတီဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ပြီးနောက် ကော်မတီအစည်းအဝေးပေါင်း (၆) ကြိမ်၊ ဆပ်ကော်မတီ အစည်းအဝေးပေါင်း များစွာကိုလည်း အကြိမ်ကြိမ်ခေါ်ယူကျင်းပခဲ့ပြီး အကောင်အထည်ဖော်ဆောင်မည့် Model နှင့် ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေဉပဒေမူကြမ်းကို တိုးတက်အောင် ပြုစုခဲ့ကြပါကြောင်း၊ ပင်စင်စနစ် ပြုပြင်ပြောင်းလဲဆောင်ရွက်နိုင်ရေး တင်ပြမှုအား နိုင်ငံတော်သမ္မတရုံးမှ လျင်မြန်စွာဆောင်ရွက်ရန်ဟု ညွှန်ကြားခဲ့ပါကြောင်း၊ ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော်မှု ငွေစာရင်းခေါင်းစဉ်ဖြင့် ရန်ပုံငွေထည့်သွင်းလျာထားခြင်းနှင့် ပင်စင်စနစ် ပြုပြင်ပြောင်းလဲရန်အတွက် ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေး အစီအစဉ်နှင့် လုပ်ငန်းစဉ်တို့အား ဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးမှလည်း သဘောတူ ခွင့်ပြုချက်ရရှိခဲ့ပြီး ဖြစ်ပါကြောင်း။

 

၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်မှစ၍ ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေသို့ ထည့်ဝင်ငွေလျာထားခြင်း၊ အကောင်အထည်ဖော်ရေး အစီအစဉ်နှင့် လုပ်ငန်းစဉ်တို့ကို ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် အကောင်အထည်ဖော်မည့် ပုံစံနှင့်အညီ ပြုစုထားသည့် ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ ဥပဒေ(မူကြမ်း)ကို ရေးဆွဲပြုစုထားပါကြောင်း၊ ယခုအခါ ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ အချိန်မီတင်ပြနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း။

 

ဝန်ထမ်းများအကြား ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော်မည့် အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်နိုင်စေရေးအတွက် အသိပညာပေးရေး လုပ်ငန်းများကို ဆောင်ရွက်သွားရန်လည်း လိုအပ်ကြောင်း၊ ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေဥပဒေ (မူကြမ်း) အဆင့် ရောက်ရှိပြီးဖြစ်သော်လည်း ဆက်လက်ပြီး နည်းဥပဒေများ ထုတ်ပြန်နိုင်ရေးနှင့် ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေအား စနစ်တကျ လည်ပတ်ဆောင်ရွက်နိုင်ရေးအတွက် အကြံဉာဏ်ကောင်းများဖြင့် ဆက်လက်ကူညီပေးနိုင်ရေး မေတ္တာရပ်ခံလိုပါကြောင်း ဆွေးနွေးပြောကြားသည်။

 

ဆက်လက်၍ ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီ အတွင်းရေးမှူး၊ ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝါဝါမောင်က ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ အကောင်အထည်ဖော်မှုဆိုင်ရာ ကြိုတင်ဆောင်ရွက်ချက်များ၊ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၊ ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ ဥပဒေ (မူကြမ်း) ရေးဆွဲပြီးစီးမှုအခြေအနေတို့အား ရှင်းလင်းတင်ပြသည်။

 

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဆက်အောင်၊ ဒေါက်တာမင်းရဲပိုင်ဟိန်းနှင့် ကော်မတီဝင်များက ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်