ရန်ကုန် ၁ ဇူလိုင်

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ကာလအတွင်း ယာယီပိတ်သိမ်းခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်၊ တာမွေ၊ မင်္ဂလာတောင်ညွန့်မြို့နယ်တို့ရှိ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများမှ လူမှုဖူလုံရေး အကျုံးဝင် မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများအား လူမှုဖူလုံရေးထောက်ပံ့မှု အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်း ပေးအပ်ပွဲကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် အမှတ် (၃၂၇/ ၃၆၇) ရှိ မြို့နယ် လူမှုဖူလုံရေးရုံးခွဲ(၃)တွင် ပြုလုပ်သည်။

 

ထောက်ပံ့ငွေပေးအပ်ပွဲတွင် လူမှုဖူလုံရေးအဖွဲ့ တိုင်းဒေသကြီးတာဝန်ခံ အရာရှိ ဦးထွန်းကြိုင်နှင့် ရုံးခွဲတာဝန်ခံ ဒေါ်ယုယုမော်တို့က လူမှုဖူလုံရေးရုံးတွင် အကျုံးဝင် မှတ်ပုံတင်ထားသော အလုပ်ဌာန (၁၃)ဌာနမှ အာမခံအလုပ်သမား (၉၁၇)ဦးအား လူမှုဖူလုံရေးထောက်ပံ့မှု အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းဖြစ်သော ငွေ ၅၇၁၅၅၈၇ ဒသမ ၇၇ ကျပ်ကို သက်ဆိုင်ရာ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနတို့မှ တာဝန်ခံများထံ ပေးအပ်ခဲ့သည်။

 

မြို့နယ်လူမှုဖူလုံရေးရုံးခွဲ (၃)အနေဖြင့် ဗိုလ်တထောင်၊ တာမွေ၊ မင်္ဂလာတောင်ညွန့်မြို့နယ်တို့ရှိ အလုပ်ဌာန (၃၃)ဌာနမှ အာမခံအလုပ်သမား (၂၆၃၈)ဦးအတွက် လူမှုဖူလုံရေးထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် ၄ဝ ရာခိုင်နှုန်း ခွင့်ပြုငွေကျပ် ၁၅၁၈၄၄၀၆၄ ဒသမ ၆၃ ကျပ်ကို ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

ယနေ့ လူမှုဖူလုံရေး ထောက်ပံ့ငွေများ ပေးအပ်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ ညွှန်ကြားချက်နှင့်အညီ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

သတင်းနှင့်ဓာတ်ပုံ- မင်းသစ်(MNA)