မိတ္ထီလာ ၂ ဇူလိုင်
မိတ္ထီလာခရိုင်၌ မိုးသီးနှံအဖြစ် မိုးစပါး၊ ဆီထွက်သီးနှံ၊ ပဲအမျိုးမျိုးနှင့် ဝါအမျိုးမျိုးကို ၈၅၀၀၀၀ ဧက စိုက်ပျိုးရန် လျာထားပြီး ယခုအခါ ဧက ၅၀၀၀၀၀ ကျော် စိုက်ပျိုးပြီးဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစိုးသိန်းထံမှ သိရသည်။
“မိတ္ထီလာခရိုင်မှာ ၂ဝ၁၉-၂ဝ၂ဝ ခုနှစ် မိုးရာသီးနှံများဖြစ်တဲ့ မိုးစပါး၊ ဆီထွက်သီးနှံ၊ ပဲအမျိုးမျိုးနဲ့ ဝါအမျိုးမျိုး စုစုပေါင်း ၈၅၀၀၀၀ ဧက လျာထားစိုက်ပျိုးပြီး လက်ရှိအချိန်အထိ လျာထားသီးနှံ ၅၂၀၀၀၀ စိုက်ပျိုးပြီးဖြစ်တဲ့ အတွက် လျာထားချက်ရဲ့ ၆၁ ရာခိုင်နှုန်းကို စိုက်ပျိုးပြီးဖြစ်ပါတယ်။ ခရိုင်အတွင်းမှာ စပါးပြီးရင် ဆီထွက်သီးနှံ နှမ်း၊ မြေပဲ၊ နေကြာကို အဓိကစိုက်ပျိုးပြီး ဆီထွက်သီးနှံ ၃၄၀၀၀၀ ဧက လျာထားတဲ့အပေါ်မှာ ၃၃၀၀၀၀ ဧက စိုက်ပျိုးပြီး ဖြစ်ပါတယ်။ ပဲမျိုးစုံအနေနဲ့ ပဲစင်းငုံ၊ ပဲတီစိမ်းကို အဓိကစိုက်ပျိုးပြီး စုစုပေါင်း ၁၄၀၀၀၀ ဧကကျော် လျာထားတဲ့ အပေါ်မှာ ဧက တစ်သိန်းကျော် စိုက်ပျိုးပြီးဖြစ်ပါတယ်။ နောက်ဆုံးသီးနှံဖြစ်တဲ့ ဝါမျိုးစုံ ချည်မျှင်ရှည်ဝါ နှစ်စဉ် ၃၄၀၀၀ ဧကခန့် လျာထားစိုက်ပျိုးပြီး လက်ရှိ ဧက ၁၀၀၀၀ ကျော် စိုက်ပျိုးပြီးဖြစ်ပါတယ်။ ယခုလက်ရှိ မိုးလယ်ကာလမှာ ကျန်ရှိတဲ့ဧကတွေကို ဆက်လက်စိုက်ပျိုးသွားမှာ ဖြစ်ပါတယ်”ဟု ခရိုင်စိုက်ပျိုးရေးဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးသိန်း က ပြောသည်။
ယခုနှစ်မိုးရာသီ၌ မိုးရွာသွန်းမှုနည်းပါးမှုကြောင့် မိတ္ထီလာခရိုင်အတွင်း မိတ္ထီလာ၊ မလှိုင်၊ သာစည်နှင့် ဝမ်းတွင်းမြို့နယ် များ၌ မိုးစပါးကို စိုက်ပျိုးနိုင်ခြင်းမရှိသေးဘဲ ဝမ်းတွင်းမြို့နယ်၌ ကင်းတားဆည်မှ ပျိုးထောင်ရေဖြင့်လည်းကောင်း၊ သာစည်မြို့နယ်၌ စမုံတမံမှ ပျိုးထောင်ရေဖြင့်လည်းကောင်း စပါးပျိုးထောင်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးမှူး၏ ပြောကြားချက်အရ သိရသည်။
မိတ္ထီလာခရိုင်၌ မိုးရာသီ သီးနှံများအနက် နှမ်းနှင့် ပဲစင်းငုံကို ဇွန်လကုန်အထိ နောက်ဆုံးထား၍စိုက်ပျိုးပြီး မိုးစပါး နှင့် ပဲတီစိမ်း၊ ဝါ၊ အခြားပဲမျိုးစုံ သီးနှံများကို ဇူလိုင်လကုန်နှင့် စက်တင်ဘာ ၁၅ ရက်အထိ နောက်ဆုံးထား စိုက်ပျိုးကြောင်း သိရသည်။
ချမ်းသာ (မိတ္ထီလာ)


