ဆွမ်ပရာဘွမ် ၂ ဇူလိုင်
ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့နယ် မြို့မစည်ပင်သာယာဈေး စတင်ရောင်းချနေမှုနှင့် ဈေးရောင်း ဈေးဝယ်များ ကိုဗစ်-၁၉ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချမှုရှိမရှိကို ယမန်နေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီဥက္ကဋ္ဌ ဦးဇာနည်တိုးနှင့် မြို့နယ်အဆင့် ကော်မတီဝင်များက ဈေးအတွင်း Mask နှာခေါင်းစည်းများတပ်၍ ရောင်းချခြင်းရှိ မရှိ၊ ကိုယ်အပူချိန် တိုင်းပေးခြင်း ရှိ မရှိ ၊ ဘေစင်ထားရှိမှု ရှိ မရှိ၊ လက်ဆေးကြောခြင်းရှိ မရှိတို့ကို လိုက်လံစစ်ဆေးပြီး ဈေးအတွင်း ဈေးရောင်းဝယ်မှုများကို ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အဆိုပါ မြို့မစည်ပင်သာယာဈေးတွင် ဆိုင်ခန်းပေါင်း ၆၄ ခန်းရှိပြီး ယခုအချိန်တွင် ၄၃ ခန်း ဖွင့်လှစ်ရောင်းချပေးလျက် ရှိကြောင်း၊ ဇူလိုင် ၁ ရက်မှစတင်၍ နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ နေ့စဉ် ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ပတ်သက်၍ လိုက်နာရမည့် စည်းကမ်းချက်များ၊ ဈေးဆိုင်များလိုက်နာရမည့် စည်းကမ်းချက်များ၊ ဈေးရောင်း/ ဈေးဝယ်လာသူတိုင်း လိုက်နာရမည့် စည်းကမ်းချက်များကို ဆိုင်းဘုတ်စိုက်ထူပေးထား ကြောင်း၊ ဆွမ်ပရာဘွမ်မြို့နေပြည်သူများ လူနေမှုအဆင့်အတန်း မြင့်မားလာစေရန်နှင့် ဒေသအတွင်း ရောင်းဝယ် ဖောက်ကားမှုများ ပိုမိုလွယ်ကူစေရန် ရည်ရွယ်ကြောင်း မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးနိုင်လင်းအောင်က ပြောသည်။
ယခုလို မြို့မစည်ပင်သာယာဈေး ဖွင့်လှစ်ပေးတဲ့အတွက် တစ်နေရာထဲတွင် မိမိလိုအပ်တဲ့ပစ္စည်းတွေ အလွယ်တကူ ဝယ်ယူနိုင်ခြင်း၊ အချိန်ကုန်သက်သာခြင်း၊ ဒေသဖွံ့ဖြိုးတိုးတက်စေခြင်း၊ ကုန်ဈေးနှုန်း သက်သာခြင်း၊ လူမှုဘဝ တိုးတက်စေနိုင်ကြောင်း ဒေသခံပြည်သူ ဦးနော်ဂျာက ပြောသည်။
ကုဋေ (ပြန်/ဆက်)


