မိုးညှင်း ၂ ဇူလိုင်
ကချင်ပြည်နယ်၊ မိုးညှင်းမြို့ရှိ အသစ်ဆောက်လုပ်ပြီးစီးသည့် အဝေးပြေးယာဉ်ရပ်နားစခန်းသို့ မြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် ယာဉ်လိုင်းများအားလုံး ဇူလိုင် ၅ ရက်နေ့ နောက်ဆုံးထား ပြောင်းရွှေ့ဖွင့်လှစ်ရမည်ဖြစ်ကြောင်း သိရသည်။
မိုးညှင်းမြို့ရှိ အဝေးပြေးယာဉ်ရပ်နားစခန်း(အသစ်)သို့ ယာဉ်လိုင်းများ ပြောင်းရွှေ့ဖွင့်လှစ်နိုင်ရေး အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက အဆိုပါ အဝေးပြေးယာဉ်ရပ်နားစခန်းတွင် ပြုလုပ်ခဲ့ပြီး အစည်းအဝေးဆုံးဖြတ်ချက်အရ မြို့နယ်ဗဟိုပြုပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်လိုင်း (၃)လိုင်းအပါအဝင် မြို့နယ်အတွင်း ဖြတ်သန်းပြေးဆွဲနေ သည့် ခရီးသည်တင်အဝေးပြေးယာဉ်လိုင်း (၁၆)လိုင်းအားလုံး ဇူလိုင် ၅ ရက်နေ့အပြီး ပြောင်းရွှေ့ဖွင့်လှစ်သွားရန်နှင့် ကုန်တင်ယာဉ်များအနေဖြင့် ၁၃ တန်နှင့် ၁၃ တန်အောက်ကားများသာ မြို့နယ်အတွင်း ဝင်ရောက်ဖြတ်သန်း သွားလာခွင့်ပြုရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမင်းဆွေနိုင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်အေး၊ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပုဂ္ဂလိက မော်တော်ယာဉ်လိုင်းများ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ယာဉ်ရပ်နားစခန်း တည်ဆောက်ရေးအဖွဲ့များက မြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် ယာဉ်လိုင်းများ ပြောင်းရွှေ့ဖွင့်လှစ်ရာတွင် ကြုံတွေ့ရမည့် အခက်အခဲများနှင့် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။
အဆိုပါ အဝေးပြေးယာဉ်ရပ်နားစခန်း(အသစ်)ကို မိုးညှင်းဒီဂရီကောလိပ်အရှေ့ဘက် မြို့ရှောင်လမ်းဘေး မြေဧက ၁၀ ဒသမ ၅ ဧက ပေါ်တွင် တည်ဆောက်ထားပြီး အလျား ပေ ၄၀၊ အကျယ် ၁၆ ပေ၊ အမြင့် ၂၃ ပေရှိ RC နှစ်ထပ် ရေမီးအစုံပါ မော်တော်ယာဉ်လိုင်းများအတွက် တိုက်ခန်းပေါင်း ၂၈ ခန်း၊ လူနေဈေးဆိုင် တိုက်ခန်းပေါင်း (၂၀)၊ ပစ္စည်းသိုလှောင်ရုံ (၈)လုံး၊ မော်တော်ယာဉ်လိုင်းများကြီးကြပ်မည့် အုပ်ချုပ်ရေးမှူးရုံး (၁)လုံး၊ ခရီးသည်နားနေဆောင်များ ပါဝင်တည်ဆောက်ထားကြောင်း သိရသည်။
ကျော်ကျော်ထွေး(မိုးညှင်း)


