နေပြည်တော် ၂ ဇူလိုင်

 

ဥပဒေဘာသာပြန်ကော်မရှင်၏ သတ္တမအကြိမ်အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်က ဥပဒေဘာသာပြန်ကော်မရှင်က အင်္ဂလိပ်ဘာသာဖြင့် ရှိနေသော တည်ဆဲဥပဒေများကို ဘာသာပြန်ဆို ထုတ်ပြန်နိုင်ရေးအတွက် လုပ်ငန်းကော်မတီ၊ လုပ်ငန်းအဖွဲ့ငယ်များ ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း၊ အဖွဲ့ငယ်များ၊ လုပ်ငန်းကော်မတီများက အဆင့်ဆင့် စိစစ်တင်ပြသည့် မြန်မာဘာသာ ပြန်ဆိုချက်များကို ကော်မရှင်အစည်းအဝေးတွင် ဆွေးနွေးအတည်ပြုခြင်းဖြစ်ရာ ယနေ့အစည်းအဝေးသည် သတ္တမအကြိမ် အစည်းအဝေး ဖြစ်ပါကြောင်း၊ ဥပဒေဘာသာပြန်ကော်မရှင်၏ လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့ရာ ဘာသာပြန်ဆိုရန်ရှိသည့် ဥပဒေများအနက်မှ ဥပဒေ ၂၄ ခုကို မြန်မာဘာသာ ပြန်ဆို၍ ထုတ်ပြန်ပြီးပါကြောင်း၊ အတည်ပြု ထုတ်ပြန်ပြီးသော ဥပဒေများကို အများပြည်သူသိရှိနိုင်ရန် ထုတ်ဝေခဲ့ကြောင်း၊ စာအုပ် အမှတ်စဉ် ၇ အထိ ဖြန့်ချိပြီးဖြစ်ကြောင်း၊ ကော်မရှင်က အတည်ပြုထုတ်ပြန်သော မြန်မာဘာသာ ပြန်ဆိုချက်သည် မူရင်းဥပဒေနှင့် အလားတူ အာဏာတည်ပါကြောင်း၊ မြန်မာဘာသာပြန်ဆိုမည့် ဥပဒေများကို ပထမဦးစားပေး၊ ဒုတိယဦးစားပေး၊ တတိယဦးစားပေးဟူ၍ စနစ်တကျ ဆောင်ရွက်လျက်ရှိကြောင်း၊ ကော်မရှင်အဖွဲ့ဝင်များနှင့် လုပ်ငန်းကော်မတီ အဖွဲ့ဝင်များအားလုံး ကြိုးပမ်းဆောင်ရွက်ကြသဖြင့် ဥပဒေဘာသာပြန် လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်လျက်ရှိပါကြောင်းနှင့် ယခုအစည်းအဝေးတွင် တင်ပြထားသည့် ဥပဒေများ၏ မြန်မာဘာသာ ပြန်ဆိုချက်များကို ဆွေးနွေးအကြံပြု ပေးစေလိုပါကြောင်း ပြောကြားသည်။

 

အစည်းအဝေးသို့ ဥပဒေဘာသာပြန်ကော်မရှင် အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို ၂ ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။             

 

သတင်းစဉ်