နေပြည်တော် ၂ ဇူလိုင်
မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်ရေးကော်မတီ၏ (၂/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Zoom Application ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က မော်တော်ယာဉ် တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်ရေး ကော်မတီအနေဖြင့် ပြည်ပမှ မော်တော်ယာဉ်တင်သွင်းခြင်းဆိုင်ရာ မူဝါဒများချမှတ်ခြင်း၊ အမိန့်နှင့်ညွှန်ကြားချက်များကို ထုတ်ပြန်ခြင်း၊ မော်တော်ယာဉ် အရောင်းစင်တာ အရောင်းပြခန်းများ စနစ်တကျဖွင့်လှစ်နိုင်ရေး ကြပ်မတ်ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်းအပေါ် တွေ့ကြုံရသော အခက်အခဲများကို ကော်မတီဝင်များနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး မော်တော်ယာဉ် တင်သွင်းမှုမူဝါဒဆိုင်ရာ ဆုံးဖြတ်ချက် (၂၆) ခု အပါအဝင် လုပ်ငန်းဆိုင်ရာဆုံးဖြတ်ချက်ပေါင်း (၂၄၀)ကို ချမှတ်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ မော်တော်ယာဉ် တင်သွင်းရာတွင် ဌာနများမှ အခက်အခဲပြဿနာများကို စုပေါင်းဆွေးနွေးဆောင်ရွက်ခြင်းဖြင့် ထိရောက်မှုများရှိလာပြီး ပြဿနာအခက်အခဲများ တဖြည်းဖြည်းလျော့နည်းလာကြောင်းနှင့် ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဌာနများမှတင်ပြချက်များကို တက်ရောက်လာကြသော ကော်မတီဝင်များမှ ဆွေးနွေးခဲ့ပြီး ဆွေးနွေးတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးမှ ပြန်လည်ဖြည့်စွက်ဆွေးနွေးကာ ကော်မတီဝင်ဌာနများ၏ လုပ်ထုံးလုပ်နည်း သတ်မှတ်ချက်များနှင့်အညီ ညှိနှိုင်းပေါင်းစပ်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


