မန္တလေး ၂ ဇူလိုင်
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်တွင် ယခုရာသီ၌ထွက်ရှိသည့် နွေစပါးများ အထွက်နှုန်း ကောင်းမွန်သည့်အပြင် ဈေးကောင်းပါရရှိသဖြင့် ဝမ်းသာပျော်ရွှင်လျက်ရှိကြောင်း ပုသိမ်ကြီးမြို့နယ်ရှိ နွေစပါးစိုက်ပျိုးသူ တောင်သူများထံမှ သိရသည်။
ယခုအချိန်တွင် အဆိုပါမြို့နယ်၌ နွေစပါးများ စတင်ရိတ်သိမ်းလျက်ရှိရာ ရာသီဥတု ကောင်းမွန်ခြင်း ကြောင့် စပါးများ အောင်မြင်ဖြစ်ထွန်းကာ တစ်ဧကလျှင် ပျမ်းမျှ တင်း ၁၀၀ မှ ၁၂၀ ကြားအထိ ထွက်ရှိသည့်အပြင် လက်ရှိပေါက်ဈေးမှာလည်း သတ်မှတ်ထားသည့် အခြေခံစပါးဈေး ကျပ် ငါးသိန်းထက် ပိုမိုရရှိနေသဖြင့် တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
''မနှစ်က ဒီလိုအချိန်မှာ စပါးဈေးက လေးသိန်းနှစ်သောင်းနှုန်းလောက်ကနေစပြီး နောက်ဆုံးဈေး လေးသိန်းရှစ်သောင်း လောက်အထိပဲ ရခဲ့တယ်။ ဒီနှစ်ကတော့ ဈေးစပြီးဖွင့်ကတည်းက ငါးသိန်း ရှစ်သောင်းနဲ့ ခြောက်သိန်းကြားအထိ ဈေးကောင်းရနေတယ်။ ကုန်ကျစရိတ်က မြေဩဇာဖိုးနဲ့ စရိတ်ပျိုးစရိတ်စုစုပေါင်း နှစ်သိန်းလောက်ကုန်ကျတာဆိုတော့ အခုလို အခြေအနေမှာ ကျွန်တော်တို့ တောင်သူတွေ ပင်ပန်းရကျိုးနပ်တဲ့ အတွက် အရမ်းဝမ်းသာနေကြတယ်'' ဟု ပုသိမ်ကြီးမြို့နယ် ရန်ကင်းတောင်ကျေးရွာမှ စပါးစိုက်တောင်သူ ဦးမြစိန်က ပြောသည်။
ထို့ပြင် နိုင်ငံတော်အစိုးရမှလည်း နှစ်စဉ် စပါးစိုက်တောင်သူများ စိုက်ပျိုးချိန်တွင် အဆင်ပြေစေရန်အတွက် နွေ၊ မိုး၊ ဆောင်း သုံးရာသီပတ်လုံး စိုက်ပျိုးစရိတ်ချေးငွေများကို တစ်ဧကလျှင် ကျပ် တစ်သိန်းခွဲ ထုတ်ချေးပေးလျက်ရှိသည့်အပြင် ယခုကာလတွင် ကိုဗစ်-၁၉ ရောဂါ အခြေအနေကြောင့် တောင်သူများ အခက်အခဲမဖြစ်စေရန်အတွက် ကိုဗစ်အထူးချေးငွေအဖြစ် တစ်ဧကလျှင် ငွေကျပ် ငါးသောင်းနှုန်း ထပ်မံထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
လက်ရှိအချိန်တွင် ပုသိမ်ကြီးမြို့နယ်အတွင်းရှိ တောင်သူအများစုမှာ မိရိုးဖလာ စိုက်ပျိုးနည်းစနစ်မှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းလျက်ရှိပြီး မြေယာပြုပြင်ခြင်းစိုက်ပျိုးခြင်းနှင့် ရိတ်သိမ်းခြင်းများ အတွက် ခေတ်မီစက်ပစ္စည်းကိရိယာများကို အသုံးပြုလျက်ရှိခြင်း ကြောင့် ယခင်က စိုက်ပျိုးရာသီနှင့် ရိတ်သိမ်းချိန်များတွင် ဖြစ်ပေါ်လေ့ရှိသည့် လယ်ယာလုပ်သား ရှားပါးမှု အခက်အခဲများကို ဖြေလျှော့နိုင် သည့်အပြင် အချိန်ကုန် ငွေကုန်သက်သာခြင်း အကျိုးကျေးဇူးများကိုလည်း ခံစားရရှိလျက်ရှိကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး မန္တလေးခရိုင် ပုသိမ်ကြီးမြို့နယ်ရှိ စပါးစိုက်တောင်သူများအနေဖြင့် ယခုနှစ် နွေစပါး စိုက်ပျိုးချိန်၌ စိုက်ဧက ၁၉၆၅၉ ဧက ရှိကြောင်း မန္တလေးခရိုင် စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရ သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)


