မြိတ် ၂  ဇူလိုင် 

နိုင်ငံတော်အစိုးရမှ ကိုဗစ်-၁၉ကြောင့် စီးပွားရေးလုပ်ငန်းများ အကျိုးသက်ရောက်မှုများကို ကုစားနိုင်ရန် အတွက် ကိုဗစ်-၁၉ ချေးငွေများကို ထုတ်ချေးပေးလျက်ရှိရာ ချေးငွေလျှောက်ထားသည့် လုပ်ငန်းများအနက်  ချေးငွေထုတ်ယူခွင့်ကို ဇူလိုင်လ(၁)ရက်နေ့တွင် သတ္တမအသုတ်အဖြစ် ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးလုပ်ငန်းများ အကျိုးသက်ရောက်မှုအပေါ် ပြန်လည် ကုစားရေးလုပ်ငန်းကော်မတီမှ ထုတ်ပြန်ကြေညာခဲ့သည်။

 

“စီးပွားရေးလုပ်ငန်းများတစ်ခုနှင့် တစ်ခုဟာ Supply Change ကွင်းဆက်တစ်လျှောက်ထဲမှာ  အပြန်အလှန် အကျိုးသက်ရောက်မှုရှိပါတယ်။ ဟန်ချက်ညီတဲ့ စီးပွားရေးအသိုက်အဝန်းဖြစ်ဖို့ အင်မတန်အရေးကြီးပါတယ်။ မမျှော်လင့်ဘဲ ကိုဗစ်-၁၉ ရောဂါ ပေါ်ပေါက်လာတဲ့အခါမှာ စီးပွားရေး အကျိုးသက်ရောက်မှုတွေဖြစ်ပွား လာပါတယ်။ ကုန်ကြမ်းတွေဝယ်ယူဖို့အတွက် အခက်အခဲဖြစ်တယ်။ အလုပ်သမားတွေလုပ်ငန်းခွင်မှာ ဆက်လက်ရပ်တည်ဖို့အတွက် အခက်အခဲတွေဖြစ်လာပါတယ်။

 

“စက်ရုံ အလုပ်ရုံ လုပ်ငန်းခွင်မှ ထွက်လာတဲ့ ကုန်ချောတွေကို ဈေးကွက်ထဲဖြန့်ဖို့ အခက်အခဲတွေဖြစ် လာတယ်။ သွားလာရေး၊ ရောင်းချရေး ဈေးကွက်တွေကအစ အစစအရာရာ အခက်အခဲတွေ ကြုံတွေ့ရပါတယ်။ အခက်အခဲကြုံတွေ့နေတဲ့အပေါ်မှာ စီးပွားရေးဂေဟစနစ်တစ်ခု ပြန်လည် ရပ်တည်နိုင်အောင် နိုင်ငံတော်မှ ကိုဗစ်-၁၉ ရောဂါကြောင့် အကျိုးသက်ရောက်မှုအပေါ်ကုစားဖို့ ချေးငွေများကို ထုတ်ချေးပေးခြင်းဖြစ်ပါတယ်” ဟု ဦးဖြိုးဇာနည်ဝင်း (ခရိုင်ဦးစီးမှူး) မြိတ်ခရိုင် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန က ပြောသည်။

 

စီးပွားရေးလုပ်ငန်းများ အကျိုးသက်ရောက်မှုအပေါ် ပြန်လည်ကုစားရေးအတွက် ချေးငွေများ လျှောက်ထားကြရန် တိုင်းဒေသကြီးနှင့် ပြည်နယ်များအား ထုတ်ပြန်ကြေညာခဲ့ရာ တနင်္သာရီတိုင်းဒေသကြီးမှ ချေးငွေရယူရန် လျှောက်ထားသူ ၇၀ ကျော်ရှိပြီး ချေးငွေထုတ်ယူခွင့်ရရှိသူ ၄၀ ကျော်ရှိပြီဖြစ်ကြောင်း မြိတ်ခရိုင်စက်မှု ကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ သိရသည်။

 

“ကိုဗစ်ကာလမှာ အခက်အခဲက တော်တော်ဖြစ်သွားပါတယ်။ လက်ဖက်ရည်ဆိုင် စားသောက်ဆိုင်တွေ ပိတ်တော့ တစ်ရှူးက အရောင်းအဝယ် ရပ်တန့်သွားပါတယ်။ ဒီအချိန်မှာ နိုင်ငံတော်မှ ကိုဗစ်ချေးငွေရတဲ့အတွက် လုပ်ငန်းအနေနဲ့ ကုန်ကြမ်းတွေဝယ်ပြီး ပြန်လည်ပတ်နိုင်တယ်။ အလုပ်သမားတွေကိုလည်း အလုပ်ပေးထားနိုင်ပါတယ်။ အပြင်မှာချေးရင် ငွေတိုးက အများကြီး ပေးရပါ့မယ်။ လုပ်ငန်းလည်း လည်ပတ်ဖို့ အဆင်ပြေမှာ မဟုတ်ဘူး။ အဲဒီအတွက် နိုင်ငံတော်ကို ကျေးဇူးတင်ပါတယ် ” ဟု SUN Flower တစ်ရှူးလုပ်ငန်းရှင် ကိုမြတ်ဖြိုး က ပြောသည်။

 

အသေးစား အငယ်စား အလတ်စား (MSME) စီးပွားရေးလုပ်ငန်းအနေနဲ့ လျှောက်ထားသည့် လုပ်ငန်း သည် လုပ်ငန်းလိုင်စင်၊ (၂)နှစ်ပေးသွင်းထားသည့် အခွန်ပြေစာ၊ (၂)နှစ်စာအရှုံးအမြတ်ဆွဲထားသည့်  စီးပွားရေး စီမံချက်၊ ကိုဗစ်-၁၉ ချေးငွေထုတ်ယူပြီး အသုံးပြုမည့် အစီအမံ၊ ချေးငေွပြန်လည် ပေးဆပ်မည့်အစီအစဉ်၊ လုပ်ငန်း သမိုင်းအကျဉ်း၊ ကိုဗစ်-၁၉ မတိုင်ခင်(၃)လ ဘဏ်ရှင်းတမ်း၊ လုပ်ငန်းရှိ ဝန်ထမ်းများ၏အချက်အလက် စသည့် အချက်များဖြင့် လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။ 

 

“ကိုဗစ်မဖြစ်ခင်ကာလမှာ လုပ်ငန်းက ပုံမှန်လည်ပတ်နေတယ်။ ကိုဗစ်စဖြစ်တော့ ခရီးသွားတွေလည်း မရှိတော့ အရောင်းအဝယ်တွေ ရပ်တန့်သွားပါတယ်။ အဲဒီအချိန်မှာ ကမ်းဇော်စေ့ကလည်း ပေါ်တဲ့ရာသီဖြစ်လာတယ်။ ခါတိုင်းဆိုရင် ကမ်းဇော်စေ့ ဒီကဝယ်ပြီးတော့ တစ်နိုင်ငံလုံးက ကမ်းဇော်စေ့ ထုတ်လုပ်တဲ့လုပ်ငန်းရှင်တွေ ဆင်းလာဝယ်တော့ ငွေကလည်ပတ်ပါတယ်။ သူတို့ဝယ်လိုက်  ကျွန်မတို့က ဒီဘက်မှာ ပြန်ဝယ်လိုက်တော့ ငွေအရင်းအနှီးမခက်ခဲဘူး။ သူတို့ကလည်း ဆင်းလာလို့မရ ဒီဘက်မှာလည်းကမ်းဇော်စေ့က ဝယ်မှရတော့မယ်။

 

“ကမ်းဇော်စေ့ကောက်တဲ့သူတွေကလည်း သွားကောက်နေပြီဆိုတော့ သူတို့ဆီကဝယ်ပေးရတော့မယ်။ မဝယ်လို့လည်း အဆင်မပြေဘူး။ အဲဒီအချိန်မှာ SME ဌာနမှ ငွေထုတ်ချေးမယ်ပြောတော့ လုပ်ငန်းအတွက် ချေးငွေတင် လိုက်ပြီး လောလောဆယ် ငွေရှာကြံ၍ ကမ်းဇော်စေ့ရာသီမှာ ဝယ်လိုက်ပါတယ်။ ဝယ်ပြီးတော့ ချေးငွေ ရလာ တာနဲ့ အဆင်ပြေသွားပါတယ်” ဟု “မေ” ကမ်းဇော်ဆီ ထုတ်လုပ်ရေးလုပ်ငန်းမှ ဒေါ်စန္ဒာငြိမ်း က ပြောသည်။

 

ကိုဗစ်-၁၉ ချေးငွေ လျှောက်ထားသည့် လုပ်ငန်းရှင်သည် MSME လုပ်ငန်းအနေနဲ့ လျှောက်ထားပါက သတ်မှတ်ထားသည့် အချက်(၉)ချက်ရှိပြီး ကုမ္ပဏီလုပ်ငန်အနေဖြင့် လျှောက်ထားပါက သတ်မှတ်ထားသည့် အချက်(၁၂)ချက်ရှိကြောင်း၊ ကိုဗစ်-၁၉ ချေးငွေအတိုးနှုန်းအနေဖြင့် တစ်ရာခိုင်နှုန်းဖြစ်ပြီး ချေးငွေသတ်မှတ်ကာလ အနေဖြင့် မြန်မာ့စီးပွားရေးဘဏ်မှ ကိုဗစ်-၁၉ ချေးငွေ စထုတ်သည့်ရက်မှ တစ်နှစ်ချေးငွေဖြစ်ကြောင်း၊ ချေးငေွ လျှောက်ထားသူများမှ ချေးငွေထုတ်ချေးခွင့် ရရှိသည့် ခွင့်ပြုမိန့်ဖြင့် သက်ဆိုင်ရာ မြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ထုတ်ယူပြီး တစ်နှစ်အတွင်း ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း သိရသည်။

ခိုင်ထူး (မြိတ်  ပြန်/ဆက်)