လားရှိုး ၂ ဇူလိုင်
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် မူဆယ်မြို့၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နှင့် ချင်းရွှေဟော် မြို့များရှိ နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် တရုတ်နိုင်ငံမှဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ များအား လားရှိုးမြို့မှတစ်ဆင့် မီးရထားခရီးစဉ်ဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မေလ(၆)ရက်နေ့မှ စတင်ပြီး စနစ်တကျ လွှဲပြောင်း ပို့ဆောင်ပေးလျက်ရှိသည်။
ထိုသို့ လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာတွင် မူဆယ်မြို့၊ လောက်ကိုင်မြို့နှင့် ချင်းရွှေဟော်မြို့များမှ တစ်ဆင့် ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများကို စနစ်တကျစိစစ်၍ လားရှိုးမြို့အထိ မော်တော်ယာဉ်များဖြင့် လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိပြီး လားရှိုးမြို့မှတစ်ဆင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မြန်မာ့မီးရထားခရီးစဉ်ဖြင့် ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် နေရပ်ပြန် ပြည်သူအမျိုးသား ၅၈ ဦး၊ အမျိုးသမီး ၅၁ ဦး စုစုပေါင်း ၁၀၉ ဦးတို့အား စနစ်တကျ လွှဲပြောင်း ပို့ဆောင်ပေးနိုင်ခဲ့သည်။
အဆိုပါ နေရပ်ပြန်ပြည်သူ ၁၀၉ ဦး တို့တွင် ကချင်ပြည်နယ်မှ(၃)ဦး ၊ ကယားပြည်နယ်မှ(၁)ဦး ၊ ၊ စစ်ကိုင်းတိုင်းဒေသကြီးမှ (၁၅)ဦး၊ နေပြည်တော်မှ(၁)ဦး ၊ ပဲခူးတိုင်းဒေသကြီးမှ (၁၆)ဦး ၊ မကွေးတိုင်း ဒေသကြီးမှ (၁၈)ဦး မန္တလေးတိုင်းဒေသကြီးမှ(၂၀) ၊ တနင်္သာရီတိုင်းဒေသကြီးမှ(၃)ဦး ၊ ရခိုင်ပြည်နယ် မှ (၁၇)ဦး ၊ ရန်ကုန်တိုင်းဒေသကြီးမှ (၉) ဦး ၊ ဧရာဝတီတိုင်းဒေသကြီးမှ(၆)ဦးတို့ဖြစ်ကြသည် ။ နယ်စပ်ဂိတ် များမှတစ်ဆင့် ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြည်သူများအား သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ လွှဲပြောင်းပို့ဆောင်ပေးရာတွင် မေလ(၆)ရက်နေ့မှ ဇူလိုင်လ(၂ )ရက်နေ့အထိ အမျိုးသား(၇၂၅၆)ဦး ၊ အမျိုးသမီး (၄၅၄၆)ဦး စုစုပေါင်း (၁၁၀၈၀၂) ဦးတို့ကို လွှဲပြောင်းပို့ဆောင် ပေးနိုင်ခဲ့ကြောင်း သိရသည်။
နန်းသန္တာဦး(ပြည်နယ်၊ ပြန်/ဆက်)


