နေပြည်တော် ၂ ဇူလိုင်

Cash for Work (CfW) စီမံကိန်းနှင့် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP)များ စတင်နိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။

 

အစည်းအဝေးတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က Covid-19 ကူးစက်ရောဂါ ဖြစ်ပွားမှုကြောင့် ပြည်သူများ၏ လူမှုစီးပွားဘဝများအပေါ် ထိခိုက်မှုများ ဖြစ်ပေါ်လျက်ရှိပြီး ယင်းထိခိုက်မှုများကို ကုစားနိုင်ရန်အတွက် နိုင်ငံတော်အစိုးရမှ Covid-19 Economic Relief Plan-CERP ကို ရေးဆွဲခဲ့ပါကြောင်း၊ ယင်းအစီအစဉ်၏ စီမံချက် ၂.၁.၇ အရ ကျေးလက်ဦးစီးဌာနမှ Cash for Work (CfW) စီမံကိန်းကျေးရွာ (၂၄၈၈)ရွာနှင့် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း (VRFP) ကျေးရွာ (၁၇၀၀)ရွာ၌ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ CfW စီမံကိန်းနှင့် VRFP စီမံကိန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများအား တိကျစွာလိုက်နာဆောင်ရွက်ခြင်း၊ သတ်မှတ်လုပ်ငန်းစံချိန်စံညွှန်း အရည်အသွေးပြည့်မီအောင် ဆောင်ရွက်ခြင်း၊ ငွေကြေးအလွဲသုံးစားမှု တစ်စုံတစ်ရာမဖြစ်ပေါ်စေရေး တာဝန်ရှိသူ အဆင့်ဆင့်မှ ကြီးကြပ်စစ်ဆေးခြင်း စသည်တို့ကို စနစ်တကျဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် တိုင်းဒေသကြီးနှင့် ပြည်နယ်ဦးစီးမှူးများက သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် “Cash for Work (CfW) စီမံကိန်း” နှင့် “ကျေးရွာမတည် ရန်ပုံငွေ စီမံကိန်း (VRFP)” လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြရာ ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်