မကွေး  ၃  ဇူလိုင်

မကွေတိုင်းအတွင်း၌ ပြည်ပသို့ ကျွဲ၊ နွား တင်ပို့သည့် ကုမ္ပဏီ (၄)ခု ရှိပြီး ကျပ် ၅သိန်း မှ သိန်း ၂၀ ကျော်အထိ ပေါက်ဈေးရှိသည့် အသက် ၅ နှစ်အထက် ကျွဲ၊ နွား များကို မွေးမြူရေးတောင်သူများ အကျိုးစီးပွားအတွက် ပြည်ပသို့ တရားဝင်တင်ပို့ခွင့်ပြုနေကြောင်း တိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

 

မြန်မာနိုင်ငံတွင် ပြည်ပသို့ ကျွဲ၊ နွားတင်ပို့မှုကို တစ်နှစ်စမ်းသပ်လုပ်ဆောင်ခဲ့ရာ အခွန်ငွေ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော်ရရှိခဲ့ပြီး ဥရောပအခြေစိုက် တရုတ်ကုမ္ပဏီတစ်ခုက နှစ်စဉ် နွားကောင်ရေ တစ်သန်း မှ ငါးသန်းထိ မြန်မာနိုင်ငံမှ ဝယ်ယူလိုသည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးထံ စာဖြင့်ကမ်းလှမ်းထားကြောင်း တိုင်းဦးစီးမှူး ဒေါက်တာမောင်မောင်စိုးဦး ထံမှ သိရသည်။

 

 “ထုတ်နိုင်သမျှ ဝယ်မယ့်ဈေးကွက်တွေရှိနေတာ သိရတော့ ပိုပြီးမွေးမြူရင် တောင်သူတွေ ပိုအကျိုးရှိလာမယ်။ မွေးမြူရေးက အလားအလာ အများကြီးရှိနေတော့ တောင်သူတွေကသာ ဒါကို အားစိုက်လုပ်မယ်ဆိုရင် စားဝတ်နေရေး နဲ့ လူမှုဘဝတွေ ပိုပြီးတိုးတက်လာဖို့ ရှိပါတယ် ” ဟု ဒေါက်တာမောင်မောင်စိုးဦး က ပြောသည်။

 

ပြည်ပပို့မည့် ကျွဲ၊ နွားများကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ကျန်းမာရေးစစ်ဆေးခြင်း၊ ကာကွယ်ဆေးထိုးခြင်း၊ နားကပ်တပ်ဆင်၍ နွားကောင်ရေ မှတ်တမ်းတင်ခြင်းများ လုပ်ဆောင်ပြီး ဦးစီးဌာန(ရုံးချုပ်)သို့ တင်ပြရကြောင်း၊ စီးပွားကူးသန်းဝန်ကြီးဌာနက  (၃)လသက်တမ်းရှိ သယ်ဆောင်ခွင့်ပါမစ် ထုတ်ပေးကြောင်း သိရသည်။

 

“ ရာသီဥတု အပြောင်းအလဲတွေနဲ့ တောင်သူတွေ ခေါင်းခဲရတဲ့ နှစ်တွေလည်း မနည်းတော့ပါဘူး။ စိုက်ပျိုးရေး တစ်ခုတည်းနဲ့တော့ တောင်သူတွေဘ၀ နလံထူမှာလည်း မဟုတ်ပါဘူး။ အဲဒါကြောင့် မွေးမြူရေးကိုပါ တွဲလုပ်နေရပါတယ် ” ဟု မင်းဘူးမြို့နယ်နေ တောင်သူတစ်ဦးက ဆိုသည်။

 

မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် အခွန်ငွေသွင်းရန် မကွေးတိုင်းအစိုးရ EC အစည်းအဝေးသို့ တင်ပြပြီး ခွင့်ပြုချက်ရမှ ဘဏ်ငွေသွင်းရသည့်အတွက် အချိန်(၇)ရက်ခန့်ကြာကြောင်း၊ မကွေးမြို့မှ တစ်ရက်ခရီးခန့်ရှိ ကွတ်ခိုင်မြို့၊ ရောဂါထိန်းချုပ်ရေး ဧရိယာသို့ ၁၀ ရက်အတွင်း ကျွဲ၊ နွားများကို ပို့ဆောင်ကြကြောင်း သိရသည်။

ဇေယျတု(မကွေး)