ညောင်ဦး ၃ ဇူလိုင်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဉီးခရိုင် ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေပြီး သွေးလိုအပ်သော လူနာများအတွက် မြင့်မြတ်သူစေတနာ သွေးလှူရှင်နှင့် လူနာတင်ယာဉ်ကူညီမှုအသင်းမှ သွေးမျိုးစုံ (၃၄) လုံးကို ယမန်နေ့က လှူဒါန်းခဲ့ကြောင်း သိရသည်။

 

မြင့်မြတ်သူစေတနာ သွေးလှူရှင်နှင့် လူနာတင်ယာဉ် ကူညီမှုအသင်းအနေဖြင့် ဆေးရုံမှာ သွေးလှူရှင်အသင်းဆိုပြီး ရုံးခွဲ ဖွင့်လှစ်ထားကြောင်း၊ သွေးလိုအပ်သည့် လူနာရှင်များက ဘာသွေး လိုကြောင်း အကြောင်းကြားရုံဖြင့် လူနာဆီကိုအရောက် သွေးလှူရှင်ကိုခေါ်ပြီး သွေးလှူဒါန်းစေကြောင်း၊ ထို့နောက် သွေးလှူရှင်များအား အာဟာရဖြစ်စေတဲ့ အစားအစာများကို  ကျွေးမွေးပြီး ပြန်လည်ပို့ဆောင် ပေးကြောင်း၊ ထို့ပြင် သွေးလှူးဒါန်းမည့်သူများအား ၎င်းတို့ကပင် ဆက်သွယ်ရှာဖွေ၍ လှူဒါန်းပေးခြင်း ဖြစ်ကြောင်း မြင့်မြတ်သူစေတနာ သွေးလှူရှင်နှင့် လူနာတင်ယာဉ်ကူညီမှုအသင်း အဖွဲ့ဝင်တစ်ဦးက ပြောသည်။

 

အဆိုပါ အသင်းအနေဖြင့် ဇူလိုင် ၁ ရက်နေ့တွင် သွေးလိုအပ်သောလူနာ ကိုးဦးအတွက် သွေးမျိုးစုံ ၁၉ လုံး၊ ဇူလိုင် ၂ ရက်နေ့တွင် သွေးလိုအပ်သော လူနာ ရှစ် ဦးအတွက် သွေးမျိုးစုံ ၁၅ လုံး စုစုပေါင်း သွေးမျိုးစုံ ၃၄ လုံးအား နှစ်ရက်အတွင်း လှူဒါန်းပေးနိုင်ခဲ့ကြောင်း သိရသည်။

ကျော်မင်းဦး(ရေနံချောင်း)