မယ်စဲ့ ၃ ဇူလိုင်
ကယားပြည်နယ် မယ်စဲ့မြို့နယ်၊ မယ်ဆည်နမ်ကျေးရွာအုပ်စု၊ နမ့်ဟူးကျေးရွာအနီးရှိ ကျိုက်ထီးရိုး တောရကျောင်း အဝင်လမ်းဆောင်ရွက်နေမှုကို ယမန်နေ့ မွန်းလွဲပိုင်းက ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကျိုက်ထီးရိုးတောရကျောင်းအဝင်လမ်း မြေသားလမ်းချဲ့ခြင်း လုပ်ငန်း၊ ယင်းလမ်းပေါ်တွင် အရှည် ၂၂၈၅ ပေနှင့် အရှည် ၂၃၀ဝ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၇ လက်မ ကွန်ကရစ် ခင်းခြင်းလုပ်ငန်း၊ Box Culvert (၄)စင်း၊ ကွန်ကရစ်တံတား (၂)စင်း၊ ကွန်ကရစ် ရေကျော်တံတား (၁)စင်း၊ လူကူးသစ်သားတံတား (၄၀x၆) ပေ ၁ စင်း၊ မယ်ဆည်နမ်လမ်းခွဲနှင့် ကျိုက်ထီးရိုး အဝင်လမ်းတို့တွင် လမ်းညွှန်ဆိုင်းဘုတ် ၂ ခု၊ စေတီရင်ပြင်တော် ပြိုကျမှုမရှိစေရေး မြေထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်း၊ လျှပ်စစ် ဓာတ်အားပေးရေးလုပ်ငန်း၊ နမ့်ဟူး-ဟိုဂျစ် ဓာတ်အားလှိုင်းမှ အရှည်ပေ ၆၉၈၆ ပေ ၃၃ ကေဗွီ ဓာတ်အားလိုင်း၊ အရှည် ပေ ၁၆၀ဝ ၊ ၄၀ဝ ဗို့ ဓာတ်အားလိုင်းနှင့် ၅၀ ကေဗွီအေ ထရန်စဖော်မာတစ်လုံး တည်ဆောက်ခြင်း လုပ်ငန်းတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ချက်များ မှာကြားခဲ့သည်။
ယခင်က ကျိုက်ထီးရိုးတောရကျောင်း အဝင်လမ်းသည် မြေသားလမ်းအကျယ် ၁၀ ပေသာရှိပြီး ယခုအခါ ပေ ၃၀ အကျယ် မြေသားလမ်းချဲ့ကာ လိုအပ်သည့် ဂျင်းမြေထည့်၍ကြိတ်ပြီး အပေါ်တွင် အကျယ် ၁၂ ပေ ထု ၇ လက်မ ကွန်ကရစ်လမ်းခင်းပေးခြင်းနှင့် လျှပ်စစ်မီးသွယ်တန်းပေးသည့်အတွက် ဘုရားဖူး ပြည်သူများ ရာသီမရွေးလွယ်ကူစွာ သွားလာနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)


