ဝန်းသို ၃ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့တွင် ယနေ့ နံနက် ၃ နာရီခန့်မှစ၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြောင်းရေလျှံကာ မြကန်သာရပ်၊ ရွာသစ်ကုန်းရပ်နှင့် မြနန္ဒာရပ်ကွက်အတွင်းရှိ လူနေအိမ်ဝင်းများသို့ ရေဝင်ရောက်မှုများ ဖြစ်ပွားခဲ့သည်။
အဆိုပါ မိုးရေဝင်ရောက်လျက်ရှိသည့် မြကန်သာရပ်၊ ရွာသစ်ကုန်းရပ်နှင့် မြနန္ဒာရပ်တို့သည် မိုးရာသီကာလတွင် မိုးရွာသွန်းမှုများသည့်အခါတိုင်း ရေကြီးရေလျှံမှုများ၊ ရေနစ်မြှုပ်မှုများနှင့် ကြုံတွေ့နေရကြောင်း ရပ်ကွက်နေ ပြည်သူများထံမှ သိရသည်။
ယခုအခါ အဆိုပါရေနစ်မြှုပ်မှုများ ဖြစ်ပေါ်နေမှုကြောင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ရေနုတ်မြောင်းများ တူးဖော်ခြင်း၊ ရေလမ်းကြောင်းဖြောင့်ခြင်း၊ ပိတ်ဆို့အမှိုက်များနှင့် ခြုံနွယ်များ ရှင်းလင်းခြင်းလုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေးကော်မတီမှ သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ကျော်မြိုင် (ပြန်/ဆက်)


