နေပြည်တော် ၃  ဇူလိုင်  


ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ ကျေးရွာအုပ်စု (၅)အုပ်စုမှ တောင်သူ များအား လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇) ထုတ်ပေးရာတွင် တောင်သူများထံမှ ငွေကြေးတောင်းခံခြင်း၊ လယ်ယာမြေ အခြားနည်းဖြင့် အသုံးပြုခွင့်လျှောက်ထားခြင်းနှင့် စိုက်ပျိုးရေးဘဏ်မှ ချေးငွေထုတ်ယူခြင်းတို့အတွက် ငွေကြေးတောင်းခံရယူ၍ အဂတိ လိုက်စားနေသည့် ရေကြည်မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဦးစီးဌာနမှူးအား အရေးယူပေးပါရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်သို့ တိုင်ကြားခဲ့သည်။


တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲ ရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကိုကိုနိုင်(ယခု ပုသိမ်မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန)သည် လယ်ယာမြေလုပ်ကိုင်ခွင့်ပြု လက်မှတ် ပုံစံ(၇) ထုတ်ပေးရာတွင် လယ်ယာမြေလုပ်ကိုင် ခွင့်ပြုလက်မှတ်ရရှိသူ တောင်သူ (၁၇)ဦးထံမှ စုစုပေါင်း ငွေကျပ်(၆)သိန်း၊ လယ်ယာမြေအခြားနည်းဖြင့်သုံးစွဲခွင့်လျှောက်ထားသူ တောင်သူ (၅)ဦးထံမှ ငွေကျပ် ၁,၁၅၀,၀၀၀ ကို လက်ခံရယူခဲ့ခြင်းသည် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ၎င်းအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ အရ ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည် မြို့မရဲစခန်း၌ ယနေ့တွင် ပထမသတင်းပေးတိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆို အရေးယူ နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်မှ သတင်း ရရှိသည်။ 


သတင်းစဉ်