(ယမန်နေ့မှ အဆက်)

အခုဖြေလျှော့ပေးလိုက်ခြင်းဟာ အပြင်သိပ်မထွက်ဘဲ “မိမိအိမ်မှာ အဓိက နေထိုင်ခြင်း (Stay Home)” ကို လုံးဝဖျက်လိုက်တာ၊ မကျင့်သုံးစေတော့တာ မဟုတ်ပါဘူး။ ဆက်ရှိနေဆဲ ဆက်ကျင့်သုံးကြရမှာပါ။ အထူးသဖြင့် “Vulnerable group” လို့ သတ်မှတ်နိုင်တဲ့ သက်ကြီးရွယ်အိုတွေ၊ သွေးတိုး၊ သွေးချို၊ ဆီးချို၊ အဆုတ်ပွ၊ နှလုံး၊ လေဖြတ်၊ နာတာရှည် ရောဂါရှိသူတွေ၊ ကင်ဆာရောဂါအမျိုးမျိုးနဲ့ ကင်ဆာဆေးလိုမျိုး ခုခံအားကျစေတဲ့ ဆေးဝါးမှီဝဲ နေသူတွေအဖို့ အရေးပေါ်ကိစ္စမဟုတ်ဘဲ ပြင်ပလူတောထဲ လုံးဝမထွက် သင့်သေးပါဘူး။

လူစုလူဝေးမဖြစ်အောင် မိမိက ကာကွယ်

မိမိတို့နိုင်ငံမှာ အခုဒီရောဂါပိုးရှိ၊ မရှိ ကို စမ်းသပ်ထားတာ ဇူလိုင် ၃ ရက်အထိ ၈၀၆၀၇ ယောက်ပဲ ရှိပါသေးတယ်။ တင်ပြပြီးခဲ့သလိုပဲ လူငယ် လူလတ်တွေဟာ ရောဂါပိုးဝင်ပေမယ့် ရောဂါလက္ခဏာ မပြကြသလို တချို့ ရောဂါပိုးဝင်ခါစလူတွေဟာလည်း ရောဂါလက္ခဏာမပြကြသေးတဲ့ အခြေ အနေပါ။ ဆိုလိုတာက ပြင်ပမှာ သွားလာလှုပ်ရှားနေကြတဲ့လူတွေထဲမှာ အဲဒီလို လူစားမျိုး ဘယ်လောက်ရှိနေမယ်ဆိုတာ မှန်းဆလို့မရပေမယ့် ရှိနေမှာ ကတော့ သေချာပါတယ်။

ဒီရောဂါဟာ လူတစ်ဦးနဲ့တစ်ဦး နီးနီးကပ်ကပ်နေတာ၊ အသက်ရှူ လမ်းကြောင်းကနေ အဓိက ကူးစက်တာမို့ လူတွေနဲ့မထိတွေ့ရင် ကူးစက်စရာ အကြောင်းမရှိတော့တာ ငြင်းဖွယ်မရှိတော့ပါဘူး။ ဒါကြောင့်လူစုလူဝေး မဖြစ် ရအောင် အိမ်တစ်အိမ်မှာ နံနက်ဈေးဝယ်သွားမယ်၊ ဆိုင်တွေမှာ ဈေးသွား ဝယ်မယ်ဆိုရင် လူသုံး၊ လေးယောက်မသွားဘဲ တစ်ယောက်တည်းသာ သွားခြင်းဖြင့် အဲဒီဆိုင်တွေ နေရာတွေမှာ လူစုလူဝေးမဖြစ်အောင် မိမိက ကာကွယ်ပေးလိုက်ခြင်းပါပဲ။

တစ်ဦးနဲ့တစ်ဦး ခြောက်ပေအကွာ

မဖြစ်မနေ အိမ်အပြင်ထွက်ရပြီဆိုရင် အရေးအကြီးဆုံးကတော့ “Social Distancing ” ခေါ်တဲ့ တစ်ဦးနဲ့တစ်ဦး ခြောက်ပေအကွာနေကြဖို့ပါပဲ။ ဒီရောဂါ ရဲ့ကူးစက်ပုံဟာ အသက်ရှူလမ်းကြောင်းက ဝင်တာဖြစ်ပြီး အစောပိုင်းက “Droplet Spread” ခေါ်တဲ့ အသက်ရှူလမ်းကြောင်း အမှုန်အမွှားလေးတွေက တစ်ဆင့် ဝင်တာလို့ယူဆခဲ့ကြပြီး တစ်ဦးနဲ့တစ်ဦး သုံးပေအကွာ နေခိုင်းခဲ့ပေမယ့် နောက်ပိုင်း “Air borne transmission”ခေါ်တဲ့ အနီးအနားလေထုထဲကနေ ဝင်နိုင်ခြေရှိတာ တွေ့လာကြလို့ သေချာအောင် ခြောက်ပေ ခွာခိုင်းကြတာပါ။

ပြန်လည်ဖွင့်လှစ်ခွင့်ပြုလိုက်တဲ့ အလုပ်ရုံ၊ စက်ရုံတွေမှာ အလုပ်သမား တစ်ဦးနဲ့တစ်ဦး ခြောက်ပေအကွာ အလုပ်လုပ်နိုင်အောင် စီစဉ်ထားမှသာ ဖွင့်ခွင့် ပြုခဲ့ပြီး သတ်မှတ်ချက်တွေမပြည့်စုံရင် ပြည့်စုံအောင် ပြုပြင်ဖြည့်ဆည်းပြီးမှ ဖွင့်ခွင့်ပေးပါတယ်။ မကြာခင် ဖွင့်လှစ်တော့မယ့် အထက်တန်းကျောင်းတွေ အတွက်လည်း လိုအပ်တဲ့အချက်တွေပြည့်မီအောင် အထူးကြီးကြပ် ဆောင်ရွက်နေကြပါတယ်။

ဒီ “Social Distancing” ကို နိုင်ငံတော်ပိုင်းနဲ့ ဌာနဆိုင်ရာတွေကပဲ ကြီးကြပ်ဆောင်ရွက်နေလို့ မအောင်မြင်နိုင်ပါဘူး။ နိုင်ငံသားတိုင်း လူသား တိုင်းက အသိစိတ်ဓာတ်နဲ့ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ကြရမှာပါ။ ဥပမာ ပြောရရင် ဈေးဝယ်တဲ့နေရာမျိုးမှာပေါ့။ မိမိတို့ နိုင်ငံဟာ ယေဘုယျအားဖြင့် တန်းစီစနစ်ကျင့်သုံးခြင်း (Queuing) အားနည်းကြပါတယ်။ ဈေးဝယ်ရင် စုပြုံတိုးဝှေ့ ဝယ်ကြလေ့ရှိတာပါ။ ရပ်ကွက်ဈေးရော၊ Super Market၊ Shopping Mall ဆိုင်ကြီးတွေမှာလည်း တန်းစီတဲ့ဓလေ့ အားနည်းပါတယ်။ အခု ဒီစနစ်ကို မဖြစ်မနေအကျင့်လုပ်ရ၊ ဆောင်ရွက်ကြရတော့မှာပါ။ ဆိုင်တွေ မှာလည်း “Social Distancing” ကျင့်သုံးနိုင်အောင် စီတန်းရပ်ရမယ့် နေရာကွက် လေးတွေ အကွက်ချ ဆွဲထားပေးကြရမှာပါ။ ဈေးဝယ်တာသာမက အလုပ်ကိစ္စ၊ ရုံးကိစ္စတွေနဲ့ ငွေထုတ်ငွေသွင်းလုပ်ကြတဲ့အခါ၊ ခရီးသွားလာရေးလက်မှတ် စသည်ဝယ်ယူကြတဲ့နေရာတွေ အားလုံးမှာ တန်းစီစနစ်ကို တိတိကျကျ လိုက်နာကျင့်သုံးကြရတော့မှာပါ။

မိမိတို့ ဓလေ့ထုံးစံက လုပ်ငန်းခွင်ထမင်းစားချိန်မှာလည်း စုစုဝေးဝေး လက်ရည်တစ်ပြင်တည်း စားကြသောက်ကြလေ့ရှိပါတယ်။ အင်မတန်ကောင်းခဲ့တဲ့ ဓလေ့ပေမယ့် အခုအချိန်မှာတော့ စုဝေးစားသောက်ကြလို့ မသင့်တော်တော့ပါဘူး။ ဆောင်ရွက်နေကျ၊ လုပ်နေကျမို့ ပြုပြင်ရန် ဝန်လေးပေမယ့် ပြင်ကြပြောင်းကြရမယ့် “New Normal Life” တစ်ခုပါပဲ။ ဘတ်စ်ကားမှတ်တိုင်တွေနဲ့ ဘတ်စ်ကားပေါ် တက်တဲ့အချိန်မှာ အဲဒီလိုတန်းစီတဲ့ကိစ္စလုပ်ရမှာ ခဲယဉ်းနိုင်ပေမယ့် ဖြစ်အောင် အားလုံးက ပါဝင်ပူးပေါင်းဆောင်ရွက်ကြရပါမယ်။

Public Trasport တွေနဲ့သွားလာနေရတဲ့ ပြည်သူပြည်သားတွေအတွက် ဘတ်စ်ကား၊ ရထားတွေပေါ်မှာ Social Distancing ရနိုင်အောင် Spacing တွေ ပြန်လုပ်ပေးရမှာ ဖြစ်ပါတယ်။ အထပ်မြင့် အဆောက်အအုံတွေမှာ အလုပ်လုပ် နေတဲ့သူတွေအဖို့ ယခင်အခါများက ဓာတ်လှေကားတွေကို စုပြုံစီးပြီး အတက်၊ အဆင်းလုပ်လေ့ရှိကြပေမယ့် အခုဖြစ်နိုင်ရင်ဓာတ်လှေကားကို မစီးကြတော့ဘဲ လှေကားထစ်ကို အသုံးပြု အတက်၊ အဆင်း လုပ်ကြရတော့မှာပါ။ အကြောင်း ကြောင်းကြောင့် ဓာတ်လှေကားကို အသုံးပြုကြရမယ့်သူတွေအတွက်လည်း တာဝန်ရှိသူတွေက ဓာတ်လှေကားထဲ အဝင်၊ အထွက်ကအစ စီးနင်းတဲ့အခါမှာပါ Social Distancing ရနိုင်အောင် အကွက်လေးတွေ ရေးဆွဲထားပေးပြီး ဓာတ်လှေကားအတွင်းမှာလည်း တစ်ဦးနဲ့တစ်ဦး မျက်နှာချင်းဆိုင်မနေဘဲ ကျောပေးပြီး စီးနင်းကြဖို့အထိ စီစဉ်ညွှန်ကြားရပါမယ်။

စားသောက်ဆိုင်တွေကို ပါဆယ်စနစ်နဲ့ပဲ ရောင်းခွင့်ပြုခဲ့ရာက ဖြေလျှော့ ပေးမှုရှိခဲ့ပေမယ့် ပါဆယ်နဲ့ ဝယ်ယူစားသုံးတာကိုတော့ အားပေးနေဆဲပါ။ ဆိုင်တွေမှာ ထိုင်စားကြတဲ့အခါမှာလည်း စားပွဲတွေမှာ ထိုင်စားတဲ့သူတွေ တစ်ဦးနဲ့တစ်ဦး Social Distancing မူအရ ခွာပြီးထိုင်နိုင်အောင် အကာအရံတွေ ကာရံပေးထားကြရပါမယ်။

နောက်တစ်ခုကတော့ လူအများအပြားနဲ့ အစည်းအဝေးတွေလည်းလုပ်ဖို့ မသင့်တော်တော့ပါဘူး။ ဒီကိစ္စကတော့ အခုပုံမှန်လိုလုပ်နေကြတဲ့ Webinar Meeting၊ Zoom Meeting၊ Online Meeting တွေနဲ့ အစားထိုး၊ အကျင့်လုပ် ဆောင်ရွက်ကြရတော့မှာပါ။ Online banking၊ Online shopping တွေ ပိုနေရာ ယူလာကြတော့မှာပါ။ ပညာရေးအပိုင်းမှာ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတော့ Online Education ကို အဓိကဆောင်ရွက်ကြပေမယ့် မိမိတို့လို Internet Connection အဆင့်သိပ်မမြင့်သေးတဲ့ နိုင်ငံတွေမှာတော့ အတန်းတွေကို တစ်ဆင့်ပြီးမှ တစ်ဆင့် ဖွင့်ကြဖို့လိုသလို ဖွင့်တဲ့အတန်းတွေမှာလည်း လူတွေအများကြီး စုပြီးသင်တာမျိုး မဖြစ်အောင် တစ်တန်းစီကိုအုပ်စုတွေ၊ အချိန်တွေ ထပ်ခွဲပြီး Social Distancing ကျင့်သုံးပြီး သင်ကြားကြရတော့မှာပါ။

မဖြစ်မနေ နှာခေါင်းစည်း၊ ပါးစပ်စည်းတပ်ခြင်း

မဖြစ်လို့ “Stay Home” မနေနိုင်ဘဲ အပြင်ကိုထွက်ရတဲ့လူတွေအဖို့ နောက်ထပ်အလားတူ အရေးကြီးအချက်ကတော့ “မဖြစ်မနေ နှာခေါင်းစည်း၊ ပါးစပ်စည်းတပ်ခြင်း”ပါပဲ။ မိမိတို့ အိမ်ထဲက အိမ်ပြင်ထွက်ရင် ဖိနပ်မပါ ခြေဗလာနဲ့ ထွက်လေ့မရှိကြပါဘူး။ ဖိနပ်မစီးဘဲ မထွက်တတ်သလို အခု နှာခေါင်းစည်းမတပ်ဘဲ မထွက်တတ်အောင် အလေ့အကျင့် လုပ်ကြရပါတော့မယ်။ လမ်းပေါ်မှာ တွေ့တဲ့ လူတစ်ယောက်ယောက်က နှာခေါင်းစည်း မတပ်ထားရင်ကို အဲဒီလူဟာ လူထူး လူဆန်းလို့ သဘောထားရမယ့် အမူအကျင့်ဟာ မိမိတို့ New Normal မှာဖြစ်ကြ ရတော့မယ့် အကျင့်ပါ။ တချို့လူတွေက နှာခေါင်းစည်းတပ်ထားရင် အသက်ရှူ မဝဘူးလို့ ပြောတတ်ကြပါတယ်။ အဲဒါ အကျင့်မရသေးလို့ပါ။ နှာခေါင်းစည်းတွေဟာ ဗက်တီးရီးယား၊ ဗိုင်းရပ်စ်စတဲ့ ပိုးမွှားနဲ့ အမှုန်အမွှားတွေ မဝင်အောင်သာ Filter စစ်ပြီး ကာကွယ်ပေးတာပါ။ အသက်ရှူလိုက်တဲ့လေကို ပိတ်ပင်တားဆီးမှု လုံးဝမရှိပါဘူး။ ဝတ်နေမကျတော့ နေရတာတစ်မျိုးဖြစ်ပေမယ့် အကျင့်ရသွားရင် မျက်မှန်တို့၊ နာရီတို့၊ လက်စွပ်၊ လက်ကောက်၊ ဆွဲကြိုးတွေဝတ်သလို မဝတ် ထားရင်တောင် မနေတတ်အောင် ကျင့်ကြရတော့မှာပါ။

အင်္ဂလိပ်အခေါ် Face Mask မြန်မာလို နှာခေါင်းစည်း၊ ပါးစပ်စည်းပါ။ အမှုန်အမွှား Droplets လေးတွေဟာ နှာခေါင်းနဲ့ ပါးစပ်ကဝင်တာပါ။ လက်က မျက်နှာကို ထိရင်တော့ မျက်လုံးကနေလည်း ဝင်နိုင်ပါတယ်။ ဒါကြောင့် နှာခေါင်း နဲ့ပါးစပ်ကို အကာအကွယ် လုပ်ထားတာပါ။ မေးစေ့မှာ ချိတ်ထားလို့မရတဲ့အပြင် မေးစေ့ချိတ်လိုက်တာနဲ့ နှာခေါင်းစည်း၊ ပါးစပ်စည်း Mask ရဲ့ အတွင်းပိုင်း မျက်နှာပြင်ဟာ မေးစေ့၊ လည်ပင်းတွေနဲ့ ထိတွေ့သွားတာမို့ မသန့်တော့ဘဲ မျက်နှာပေါ်ပြန်တင်ရင် အန္တရာယ်ပိုရှိနိုင်ပါတယ်။ Chin Mask မဟုတ်ပါဘူး။ Face mask ဆိုတာ အထူးသတိပြုကြရမှာပါ။

ယေဘုယျအားဖြင့် ခွဲစိတ်ခန်းသုံး Surgical Mask တွေကို ရောဂါ ကာကွယ်ဖို့ အသုံးပြုကြပါတယ်။ စနစ်တကျ သတ်မှတ်ထားတဲ့သုံးလွှာ (3 layered mask) ဟာ ရောဂါပိုးများ စစ်ထုတ်နိုင်စွမ်း ၉၀ မှ ၉၅ ရာခိုင်နှုန်းအထိ ရှိပါတယ်။ တကယ့် ပိုးတွေ့လူနာတွေကို အနီးကပ်ပြုစု၊ ကုသ၊ ထိတွေ့ကိုင်တွယ်ရတဲ့ ကျန်းမာရေးဝန်ထမ်းတွေကတော့ ပိုမို ကာကွယ်နိုင်စွမ်းရှိတဲ့ N-95၊ KN-05၊ FFP-2၊ FFP-3 စတဲ့ Respirator ခေါ်တဲ့ အထူး Surgical Mask တွေတပ်ကြရမှာပါ။ အဲဒီ အထူး Surgical Mask တွေကို ပိုးတွေ့လူနာတွေကို အနီးကပ်ပြုစုကုသမှုလုပ်နေကြတာ မဟုတ်တဲ့ သာမန်လူတွေ လုံးဝလုံးဝ မသုံးသင့်ပါဘူး။ ဒီ Surgical Mask တွေဟာ ကြာရှည်ဝတ်ထားလို့အဆင်မပြေသလို တကယ်သုံးဖို့လိုတဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် ထားသင့်ပါတယ်။

ကာကွယ်မှုအစွမ်း မြင့်မားလာအောင် တီထွင်ကြံဆ

ပုံမှန် Surgical Mask ကိုအဆင်ပြေရင်သုံးလို့ရပါတယ်။ Surgical Mask တွေဟာ တစ်ခါသုံး Single Use တွေပါ။ ပြန်လျှော်သုံးဖို့အဆင်မပြေပါဘူး။ ကာကွယ်နိုင်စွမ်းပျောက်သွားမှာပါ။ ဒီရောဂါ ဖြစ်လာပြီး နောက်ပိုင်း Surgical Mask ဈေးတွေ ခေါင်ခိုက်သွားခဲ့တာ နိုင်ငံတိုင်းမှာပါ။ သာမန်လူတွေအဖို့ နိစ္စဓူဝ Surgical Mask အသစ်ဝယ်သုံးဖို့ ခက်ခဲမှာမို့ နိုင်ငံတိုင်းမှာ ပြန်လျှော် သုံးနိုင်မယ့် အဝတ်နဲ့လုပ်တဲ့ Home Made Cotton Face Mask လေးတွေ သုံးကြဖို့ WHO နဲ့တကွ အမေရိကန်၊ ဂျပန်၊ ကိုရီးယားလို နိုင်ငံကြီးတွေ မှာပါ စီစဉ်တိုက်တွန်းလာကြပါတယ် ။ အဝတ် Mask ချုပ်လုပ်မှုတွေကိုလည်း Home Made Cotton Face Mask က ဒီအတိုင်း အဝတ်နှစ်စကို တွဲချုပ်တာမျိုး လောက် မဟုတ်တော့ဘဲ သိပ္ပံနည်းကျ သုတေသနတွေကနေ ကာကွယ်မှု အစွမ်း မြင့်မားလာအောင် တီထွင်ကြံဆလာကြပါတယ်။

ဟောင်ကောင်က Scientist Dr K Kwun ဆိုတဲ့ သိပ္ပံပညာရှင်က သူတို့ ဟောင်ကောင်မှာ SARS ဖြစ်ပြီးကတည်းက သာမန်လူတွေအတွက် ကာကွယ်မှု ပေးနိုင်တဲ့ Non Surgical Cotton Face Mask ကို တစိုက်မတ်မတ် သုတေသနလုပ်တီထွင်ခဲ့ပြီး အောင်မြင်မှုရခဲ့တာပါ။ ထည့်ထားတဲ့ Filter ကြောင့် ရောဂါပိုးကာကွယ်နှုန်း ၉၁ ရာခိုင်နှုန်းအထိ ရှိတယ်လို့ အသိအမှတ်ပြု ထားကြပါတယ်။ ဒီ Mask ရဲ့ အတွင်းဘက်မှာ Pocket လေးလို အိတ်လေး ပါပါတယ်။ အဲဒီအထဲကို Kitchen Towel / Toilet Paper / Tissue paper Filter လေးထည့်သုံးရပါတယ်။ အဲဒီ Filter လေးကိုတော့လဲ သုံးရပေမယ့် နှာခေါင်း စည်းကို တစ်နေ့လုံးသုံးပြီး ညကျ Filter ထုတ်ပြီး အဝတ်နှာခေါင်းစည်း ကိုလျှော် နောက်တစ်နေ့ ပြန်သုံးလို့ရပါတယ်။ ဒါမျိုး နှစ်ထည်၊ သုံးထည် ဆောင်ထားပြီး အလဲအလှယ် သုံးလို့ရတာပေါ့။ မိမိတို့ နိုင်ငံမှာလည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ချုပ်လုပ်ပြပြီး ပြိုင်ပွဲလေးပါ ပြုလုပ်ပေးလိုက်တော့ အဝတ်နှာခေါင်းစည်း ယဉ်ကျေးမှု (Mask Culture) လေးကို ပိုမိုအားပေးသလို ဖြစ်သွားပါတယ်။

မကြာခဏလက်ဆေးခြင်း

New Normal မှာ နောက်ထပ်အလားတူ အရေးကြီးတာကတော့ လက်သန့်ရှင်းစင်ကြယ်ရေးနဲ့ မကြာခဏလက်ဆေးခြင်းပါပဲ။ ဒီရောဂါ ကူးစက်နိုင်တဲ့ကူးစက်မှုတစ်ခုက ရောဂါပိုးနဲ့ထိတွေ့ထားနိုင်တဲ့ လက်နဲ့ T-Zone လို့ခေါ်တဲ့ မျက်လုံးနှစ်လုံး၊ နှာခေါင်း၊ ပါးစပ်တွေကို ထိမိ၊ ကိုင်မိရာက ဝင်တာပါ။ ရောဂါရှိနေသူက နှာချေ၊ ချောင်းဆိုးလုပ်လိုက်လို့ ထွက်လာတဲ့ အမှုန်အမွှားလေးတွေ ကျရောက်ထိတွေ့နေတဲ့ လှေကား၊ တံခါး၊ လက်ရန်း စတဲ့ နေရာတွေ၊ စားပွဲသစ်သား၊ ကြွေ စတဲ့ မျက်နှာပြင်တွေကို အမှတ်တမဲ့ လက်နဲ့ ကိုင်တွယ်ထိတွေ့မိပြီး အဲဒီလက်နဲ့ မျက်နှာရဲ့ T-Zone ကို ထိမိရင် ပါလာတဲ့ရောဂါပိုး သေချာပေါက် ကိုယ်ထဲဝင်သွားမှာပါ။

 

ဒါကြောင့် အခု New Normal Life မှာ တတ်နိုင်သမျှ မိမိလက်နဲ့ ဘယ်ပစ္စည်းကိုမှ ထိမိ၊ တို့မိ၊ ကိုင်တွယ်မိ မရှိအောင် အထူးသတိထား နေထိုင် ကြရမှာပါ။ ယခင်က မိမိတို့ဟာ အစာမစားခင်၊ အစာစားပြီးနဲ့ အညစ်အကြေး ကိုင်တွယ်ပြီးချိန်လောက်သာ လက်ဆေးလေ့ရှိပါတယ်။ အခု New Normal Life မှာ တစ်ခုခုနဲ့ ထိမိတိုင်း၊ အပြင်ကပြန်လာတိုင်း လက်ဆေးတဲ့အကျင့် လုပ်ကြရပါတော့မယ်။ အကောင်းဆုံးက ဆပ်ပြာပါပဲ။ လက်ဖဝါး၊ လက်ဖမိုး၊ လက်ခေါက်၊ လက်ကြား၊ လက်မ၊ လက်ကောက်ဝတ်စတဲ့ နေရာအနှံ့ကို အနည်းဆုံး စက္ကန့် ၂၀ သေသေချာချာ စနစ်တကျ လက်ဆေးကြရမှာပါ။

ဆပ်ပြာ အဆင်သင့်မရှိရင်တော့ အရက်ပြန် ၇၀ ရာခိုင်နှုန်းပါတဲ့ လက်သန့် ဆေးရည်ကို သုံးနိုင်ပါတယ်။ ဒါကြောင့် အခုပြန်ဖွင့်ပေးခဲ့တဲ့ အလုပ်ရုံ၊ စက်ရုံ၊ ဖွင့်ခွင့်ပြုတော့မယ့် လုပ်ငန်း၊ ဆိုင်၊ ကျောင်း၊ ဌာနတွေအားလုံးမှာ ဒီလိုလက်ဆေး နိုင်အောင် လက်ဆေးရေကန်နဲ့ဆပ်ပြာကို စီစဉ်ဆောင်ရွက်ပေးထားကြရမှာ ဖြစ်ပြီး အဲဒီလို မလုပ်ပေးနိုင်ရင် လက်သန့်ဆေးရည်ကို ထားပေးရမှာပါ။ ယခင်က တစ်ယောက်နဲ့တစ်ယောက်တွေ့ရင် လက်ဆွဲနှုတ်ဆက်လုပ်တဲ့ ဓလေ့ဟာ ပုံမှန်အပြုအမူဖြစ်ခဲ့ပေမယ့် အခု New Normal Life မှာ ဒီလို နှုတ်ဆက်မှုမျိုး လုံးဝရှောင်ရှားကြရတော့မှာပါ။

အသိတရားနဲ့ သတိထားရှောင်ရှား

ခေါင်းလေးညိတ်၊ ဦးလေးညွှတ်တာမျိုး၊ မိမိတို့အရှေ့တိုင်းသားတွေလို လက်အုပ်လေးချီတာမျိုးတွေနဲ့ နှုတ်ဆက်ကြရတော့မှာပါ။ တချို့လည်း ပခုံး၊ တံတောင်၊ ဒူးတွေနဲ့နှုတ်ဆက်တာတွေ ထွင်နေကြမှာပါ။ ဒီရောဂါဟာ အသက်ရှူ လမ်းကြောင်းက ထွက်လာတဲ့ပိုးက အသက်ရှူလမ်းကြောင်းကနေဝင်ပြီး ကူးစက်တာမို့ နှာစေးချောင်းဆိုးတဲ့ အပြုအမူဟာလည်း သတိထားပြုပြင်ကြရမယ့် အလေ့အကျင့်တစ်ခုပါပဲ။ လူစုလူဝေး လူအုပ်ထဲမှာ နှာချေတာ၊ ချောင်းဆိုးတာကို လုံးဝလုံးဝ မလုပ်မိကြစေဖို့ အသိတရားနဲ့ သတိထားရှောင်ရှားကြရမှာပါ။ နှာခေါင်းစည်းတပ်ထားသူတွေအဖို့ကတော့ အလိုလိုအပြင်ကကို မကူးစက်အောင် ကာကွယ်ပြီးသားဖြစ်နေပါပြီ။ နှာခေါင်းစည်း မတပ်ထားရင်တော့ လက်ကိုင်ပဝါ သို့မဟုတ် တစ်ရှူးစက္ကူ ဒါမှမဟုတ် မိမိရဲ့ အင်္ကျီ လက်မောင်း၊ လက်ဖျံမှာအုပ်ပြီး နှာချေ၊ ချောင်းဆိုးလုပ်ကြရမှာပါ။ အဲဒီတစ်ရှူးစကို စည်းကမ်းတကျ စွန့်ပစ်ရမှာ ဖြစ်သလို လက်ကိုင်ပဝါ၊ အင်္ကျီတွေကိုလည်း သေသေချာချာ ဆပ်ပြာနဲ့လျှော်ဖွပ် ရမှာပါ။ မိမိတို့ဆီမှာ တွေ့ကြုံနေရဆဲ ကားပေါ်၊ ရထားပေါ်က ကွမ်းတံတွေး ထွေးတဲ့ အပြုအမူကတော့ စင်ကာပူနိုင်ငံမှာလို ပြင်းပြင်းထန်ထန် တားဆီး အရေးယူသင့်ပါပြီ။

ဒါကြောင့် အခုမိမိတို့ New Normal Life မှာ COVID-19 ရောဂါနဲ့အတူ ယှဉ်တွဲနေထိုင်ရင်း နိစ္စဓူဝကြုံတွေ့ဖြတ်သန်းနေကြရမယ့်ဘဝကို ရောဂါဆိုး အန္တရာယ်လည်း ကူးစက်မှုမရှိရလေအောင်၊ တစ်ဖက်မှာလည်း စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ဘာသာရေး အဘက်ဘက်မှာ ဆုတ်ယုတ်လျော့နည်းမှု နည်းနိုင်သမျှနည်းအောင် သတိတရားအမြဲလက်ကိုင်ထားပြီး ရင်ဆိုင် ကျော်ဖြတ်ကြရမှာပါ။ မိမိတို့ရဲ့သုံးလောကထွတ်ထား သဗ္ဗညုမြတ်စွာဘုရား ရှင်တော်မြတ်ရဲ့နောက်ဆုံးဩဝါဒ “ အပ္ပမာဒေန သမ္ပာဒေထ” မမေ့မလျော့ မပေါ့မဆဘဲ အစဉ်အမြဲ သတိတရားဖြင့် နေထိုင်သွားလာ လှုပ်ရှားကြရတော့မှာ ဖြစ်ပါတယ်။ ။

ပါမောက္ခသိန်း၊ ဆေးတက္ကသိုလ်(၁)ရန်ကုန်

Ref: Myanmar MOHS, WHO, CDC, UNICEF, John Hopkins, Royal College of Physicians of UK, Web Med, Medscape CME Websites.