၄ ဇူလိုင်
“နှစ်ကာလအတန်ကြာအောင် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ကိစ္စကိုဖြေရှင်းဖို့ ကျွန်တော် ကြိုးပမ်းနေခဲ့တယ်။ တကယ်တမ်းကျတော့ ကျွန်တော်ဟာ ဆင်းရဲနွမ်းပါးတဲ့ အသိုင်းအဝိုင်းကြားမှာ မွေးဖွားကြီးပြင်းလာခဲ့သူသာ ဖြစ်ပါတယ်။”
အထက်ပါစကားကို ပြောကြားခဲ့သူမှာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင် ဖြစ်သည်။ မှန်ပါသည်။ သမ္မတကြီး ရှီကျင့်ဖျင်သည် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးကိုဦးဆောင်ကာ အလေးထားဖော်ဆောင် နေသူဖြစ်ပါသည်။ တရုတ်နိုင်ငံသည် ၁၉၇၈ ခုနှစ် စီးပွားရေးပြုပြင်ပြောင်းလဲမှု စတင်ခဲ့စဉ်အချိန်က ဆင်းရဲနွမ်းပါးမှုနှုန်းမြင့်မားနေခဲ့သည်။ နိုင်ငံ၏ ပမာဏကြီးမားသော လူဦးရေ၊ နည်းပါးလွန်းသော လူတစ်ဦးချင်းဝင်ငွေတို့ကြောင့်လည်း ဆင်းရဲနွမ်းပါးသည့် လူဦးရေတိုးပွားနေမှုမှာ နှစ်ကာလအတန်ကြာအောင် ဖြေရှင်းနိုင်ရန် ခက်ခဲနေခဲ့သည်။
မည်သို့ဆိုစေ သမ္မတ ရှီကျင့်ဖျင် ဦးဆောင်သော မျက်မှောက်ခေတ် တရုတ်နိုင်ငံတွင် ဆယ်စုနှစ်နှင့်ချီ၍ စီးပွားရေး အလျင်အမြန်ဖွံ့ဖြိုးတိုးတက်လာမှုက မြို့ပြနေ ဆင်းရဲနွမ်းပါးသူဦးရေကို အထိရောက်ဆုံးလျှော့ချလာ နိုင်ခဲ့ပါသည်။ အထူးသဖြင့် ပြီးခဲ့သည့်ဆယ်စုနှစ်သုံးခု အတွင်း နိုင်ငံ၏လူဦးရေ သန်း ၈၅၀ ခန့်ကို ဆင်းရဲနွမ်းပါးမှု မှ လွတ်မြောက်အောင် ဆောင်ကြဉ်းပေးနိုင်ခဲ့ပါသည်။ ၁၉၈၁ ခုနှစ်တွင် ဆင်းရဲနွမ်းပါးမှုနှုန်း ၈၈ ရာခိုင်နှုန်း ရှိနေရာမှ ၂၀၁၅ ခုနှစ်တွင် သုည ဒသမ ၇ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ခဲ့သည်ကို တွေ့ကြရပါသည်။ မည်သို့ဆိုစေ နိုင်ငံ၏ ကျေးလက်ဒေသမှ ဆင်းရဲနွမ်းပါးသူများအား လူမှုဘဝမြှင့်တင်ရေးအရေးကိစ္စမှာ သမ္မတ ရှီကျင့်ဖျင် အတွက် မဖြစ်မနေဆောင်ရွက်ရမည့် အရေးကိစ္စအဖြစ် ရှိနေဆဲ ဖြစ်ပါသည်။
စင်စစ် တရုတ်နိုင်ငံအနေဖြင့် ပြီးခဲ့သည့် ဆယ်စုနှစ် သုံးခုကျော်ကာလအတွင်း နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ပြီး ဖြစ်ပါသည်။ သို့တစေ လက်ရှိအချိန်အထိ တရုတ်နိုင်ငံ သည် ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဆင်းရဲနွမ်းပါးမှုနှုန်း ခုနစ်ရာခိုင်နှုန်းအထိ ရှိနေဆဲဖြစ်ရာ များမကြာမီက ကျင်းပပြီးစီးခဲ့သော ကုလသမဂ္ဂအထွေထွေညီလာခံတွင် နိုင်ငံ၏ ဆင်းရဲနွမ်းပါးသူအရေအတွက် ထပ်မံလျှော့ချ ရေးမှာ နိုင်ငံ၏ ကြီးမားသောရည်မှန်းချက်ဖြစ်ကြောင်း သမ္မတ ရှီကျင့်ဖျင်က ပြောကြားခဲ့ခြင်းလည်းဖြစ်ပါသည်။
တရုတ်နိုင်ငံအနေဖြင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကို အောင်မြင်စွာလျှော့ချနိုင်မှုမှာ ခိုင်မာသော စီးပွားရေး ဖြစ်ထွန်းတိုးတက်မှု၊ ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေး အစီအစဉ်များကို စေတနာသဒ္ဓါတရားထက်သန်စွာဖြင့် ဆောင်ရွက်မှု၊ လူမှုရေးဝန်ဆောင်မှုနှင့် လူမှုရေးဆိုင်ရာ ကာကွယ်စောင့်ရှောက်မှုလုပ်ငန်းများ တိုးတက်စေရန် အလေးထားဆောင်ရွက်မှုတို့သည် အောင်မြင်မှုရလဒ်ကို ဆောင်ကြဉ်းပေးနိုင်သော အကြောင်းအချက်များလည်း ဖြစ်ပါသည်။ အလားတူပင် လူမှုရေးဆိုင်ရာကာကွယ်စောင့်ရှောက်မှုစနစ်ကို ဖွဲ့စည်းထူထောင်ခဲ့ခြင်းကလည်း နိုင်ငံ၏ အောင်မြင်သော ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လုပ်ငန်းတွင် အဓိကသော့ချက်ဖြစ်နေသည်ကို တွေ့ကြ ရပါသည်။
ဆိုရလျှင် ၁၉၉၃ ခုနှစ်က Urban Dibao ပရိုဂရမ် (မြို့ပြဆင်းရဲနွမ်းပါးမှုလျှော့ချရေး )ကို ရှေ့ပြေးစမ်းသပ်မှုဖြင့် စတင်ခဲ့ပြီး ၁၉၉၉ ခုနှစ်တွင် နိုင်ငံအတွင်း မြို့များအားလုံး တွင် ထိုအစီအစဉ်ကို တိုးချဲ့ အကောင်အထည်ဖော်ခဲ့ပါသည်။ ၂၀၀၃ ခုနှစ်တွင် မြို့ပြနေ လူပေါင်း ၂၂ သန်းခန့် အစီအစဉ် တွင် ပါဝင်ခဲ့ပြီး ယနေ့အချိန်အခါတွင်မူ Urban Dibao အစီအစဉ်တွင် ဆင်းရဲနွမ်းပါးသော သက်ကြီးရွယ်အိုများ၊ လက်လုပ်လက်စားများ၊ ဝင်ငွေနည်းပါးသူများနှင့် မသန်စွမ်းသူများပါ အကျုံးဝင်လာခဲ့ပြီဖြစ်ပါသည်။
၂၀၀၇ ခုနှစ်မှစတင်၍ Rural Dibao ပရိုဂရမ် (ကျေးလက်ဆင်းရဲနွမ်းပါးမှုလျှော့ချရေး)ကို တစ်နိုင်ငံလုံး အနှံ့ ကျင့်သုံးလာခဲ့ပြီဖြစ်ပါသည်။ ၂၀၀၇ ခုနှစ်မှ လက်ရှိအချိန်အခါအထိ Rural Dibao အစီအစဉ်မှနေ၍ ခုနစ်နှစ်တာကာလအတွင်း လူပေါင်း ၃၆ သန်းမှ ၅၂ သန်း အထိ အကျိုးခံစားခွင့်ရရှိနေပြီဖြစ်ပါသည်။ ဆိုရလျှင် အစိုးရအနေဖြင့် ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ Dibao အစီအစဉ်နှင့်ပတ်သက်၍ (၁၃) ကြိမ်မြောက် ငါးနှစ်စီမံကိန်း ကို ဆက်လက်အားဖြည့်ဆောင်ရွက်ခြင်းအားဖြင့် ဆင်းရဲ နွမ်းပါးသူများအား ဆင်းရဲတွင်းမှလွတ်မြောက်ရေးကို ဆောင်ကြဉ်းနိုင်မည်ဟု မျှော်လင့်ရပါသည်။
ဆိုရလျှင် ၂၀၂၀ ပြည့်နှစ်သည် ဆင်းရဲနွမ်းပါးမှုလုံးဝ လျော့ပါးကင်းစင်ရေးမှာ တရုတ်နိုင်ငံ၏ရည်မှန်းချက်လည်း ဖြစ်ပါသည်။ အလားတူပင် ဆင်းရဲနွမ်းပါးမှုလျော့ပါးရေးသည် သမ္မတ ရှီကျင့်ဖျင်၏ အဓိက ပဓာနကျသော အလေးထား ဆောင်ရွက်နေသည့် အရေးကိစ္စလည်းဖြစ်သည်။ ထို့ကြောင့်လည်း တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အတွင်းရေးမှူးချုပ်နှင့် စစ်ဘက်ဆိုင်ရာ ကော်မရှင်ဥက္ကဋ္ဌ ဖြစ်သည့် သမ္မတ ရှီကျင့်ဖျင်က “ဆင်းရဲနွမ်းပါးသော အရပ် နှင့် ဆင်းရဲနွမ်းပါးသူ တစ်ဦးတစ်ယောက်မှ မကျန်ရှိစေရ” ဟူ၍ မိန့်ဆိုခဲ့ခြင်းလည်းဖြစ်ပါသည်။
အမှန်စင်စစ် ၂၀၁၂ ခုနှစ်နှောင်းပိုင်းတွင် ကျင်းပခဲ့ သော (၁၈) ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ အမျိုးသား လွှတ်တော်ကျင်းပစဉ်အချိန်ကတည်းက တရုတ်နိုင်ငံ အနေဖြင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့်ပတ်သက်၍ သမိုင်းတွင် အကောင်းဆုံးရလဒ်ရရှိရေးအတွက် အောင်မြင်စွာကြိုးပမ်းဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်သည်။ ၂၀၁၃ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ကျေးလက်ဒေသရှိ ဆင်းရဲ နွမ်းပါးသူပေါင်း ၉၃ သန်းကို ဆင်းရဲနွမ်းပါးမှုမှ ဖယ်ရှား ပေးခဲ့ပြီးဖြစ်ပါသည်။ သို့ရာတွင် ၂၀၁၉ ခုနှစ်အကုန်အထိ နိုင်ငံ၏ ဆင်းရဲနွမ်းပါးသူအရေအတွက်မှာ ၅ ဒသမ ၅၁ သန်းအထိ ရှိနေပါသေးသည်။ အထူးသဖြင့် နိုင်ငံအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုက ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးလုပ်ငန်းကို အရှိန်လျော့စေသကဲ့သို့ အခြေအနေကို ပိုမိုဆိုးရွားလာစေခဲ့သည်ဟု ဆိုရပါမည်။
မကြာသေးမီက ရှန်ချီခရိုင်သို့ ကြည့်ရှုစစ်ဆေးရန် ရောက်ရှိနေသော သမ္မတ ရှီကျင့်ဖျင်က နိုင်ငံ၏ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေး ရည်မှန်း ချက် အခိုင်အမာဖြစ်မြောက်အောင်မြင်ရေးတွင် ကူးစက်ကပ်ရောဂါကြောင့် ဆိုးရွားသော ထိခိုက်ခံစားမှု များမှ ကျော်လွှားနိုင်ရေးကို ကြိုးပမ်းကြရန် တိုက်တွန်း သွားခဲ့ပါသည်။ ရှန်ချီခရီးစဉ်အတွင်း သမ္မတ ရှီကျင့်ဖျင် သည် တောင်သူလယ်သမားဦးကြီးများ၏ အိမ်နှင့် ယာတောများအထိ သွားရောက်လည်ပတ်အားပေးခဲ့ သကဲ့သို့ ရှန်ချီနှင့် ယွမ်နန်တို့ရှိ ဆင်းရဲနွမ်းပါးမှုကြောင့် ထိခိုက်ခံစားနေရသူတို့၏ အဖြစ်အပျက်အခြေအနေ များကိုပါ လေ့လာစူးစမ်းခဲ့ပါသည်။
အလားတူပင် ရှန်ချီသို့ရောက်ရှိနေစဉ်အတွင်း ဆင်းရဲနွမ်းပါးသူများနေထိုင်နေသည့် တောင်ပေါ်အရပ်မှ ရွှံ့နှင့်ဆောက်လုပ်ထားသော အိမ်များရှိရာသို့သွားရောက် ခဲ့ပြီး သူတို့၏ ပင်ပန်းကြီးစွာ စားသောက်နေထိုင်ရမှု အခြေအနေများကိုပါ အကဲခတ်လေ့လာခဲ့ပါသည်။ ထို့ပြင် ဆင်းရဲသားမိသားစုတို့၏ ဝင်ငွေ၊ သားသမီးများ ပညာသင်ကြားရေးအခြေအနေ၊ ကျန်းမာရေးအတွက် ဆေးကုသခွင့်ရမှု အခြေအနေနှင့် လူမှုဖူလုံရေးအခြေအနေ များအထိ အသေးစိတ် လေ့လာအကဲခတ်ခဲ့သည်ကိုလည်း တွေ့ရပါသည်။ မည်သို့ဆိုစေ ယခုအခါ အဆိုပါဆင်းရဲ နွမ်းပါးသူမိသားစုများအား အစိုးရ၏အကူအညီအဖြစ် မြို့ပေါ်ရှိ အိပ်ခန်းသုံးခန်းပါသော တိုက်ခန်းများတွင် နေထိုင်ခွင့်ရရှိစေခဲ့ပြီဖြစ်ပါသည်။ အဆိုပါအစိုးရတိုက်ခန်း အိမ်ရာများမှာ ဆင်းရဲနွမ်းပါးသူမိသားစုတစ်စုအတွက် ယွမ် ၁၀၀၀၀ သာ ကုန်ကျမည်ဖြစ်သည်။
ထို့ပြင် အဆိုပါမိသားစုများအတွက် စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်အကိုင်အရံသင့်ရရှိစေပြီး မိသားစုအတွက် သင့်တင့်လျော်ကန်သော ဝင်ငွေများကိုပါ ခံစားခွင့်ရရှိစေပြီဖြစ်ပါသည်။ ဆိုရလျှင် ပြီးခဲ့သည့် နှစ်နှစ်တာကာလအတွင်း ကျေးလက်ဒေသမှ ဆင်းရဲ နွမ်းပါးသူမိသားစုများ အစိုးရ၏အကူအညီဖြင့် မြို့ပေါ်သို့ ပြောင်းရွှေ့နေထိုင်သူပေါင်း ၉ ဒသမ ၆ သန်းကျော် ရှိခဲ့ပြီး အဆိုပါမိသားစုဝင်များအတွက် အလုပ်အကိုင် အခွင့် အလမ်းရရှိစေသကဲ့သို့ ပိုမိုကောင်းမွန်သော အများ ပြည်သူဝန်ဆောင်မှုများကိုပါ အကျိုးခံစားခွင့်ရရှိနေကြပြီ ဖြစ်ပါသည်။
တရုတ်နိုင်ငံက ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးအတွက် လူမှုရေးကူညီထောက်ပံ့ငွေ အမြောက်အမြား သုံးစွဲကာ ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။ သို့တစေ လက်ရှိအချိန်အထိ နိုင်ငံ၏လူနေမှုအဆင့်အတန်းမှာ များသောအားဖြင့် နိုင်ငံတကာအဆင့်အတန်းထက် နိမ့်ကျနေသော နေရာများရှိနေပါသေးသည်။ မည်သို့ ဆိုစေ သမ္မတ ရှီကျင့်ဖျင် ဦးဆောင်သော တရုတ်နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးအစီအစဉ် အောင်မြင်မှုက ဖွံ့ဖြိုးမှုနိမ့်ကျသည့် အာရှဒေသတွင်းနိုင်ငံများနှင့် ကမ္ဘာ့ နိုင်ငံများအတွက် စောင့်ကြည့်အတုယူစရာအဖြစ် ရှိနေမည်က သေချာပေသည်။ ။
နေစိုးဦး
Ref: Mapping Xi Jinping's poverty alleviation tours(CGTN)


