ဖယ်ခုံ    ၄   ဇူလိုင်    

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ ဖယ်ခုံမြို့နယ်ရှိ ရွှေပြည်အေး မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည် ထူထောင်ရေးစခန်းမှ လူညွန့်တုံးစေသည့် မူးယစ်နွံမှ ရုန်းထွက်နိုင်စေရန်  ဇူလိုင် ၇ ရက်နေ့မှ စတင်၍ မူးယစ်ဆေးဖြတ် သင်တန်းသားများအား စခန်းတွင်း ခေါ်ယူကုသမည်ဖြစ်၍ မူးယစ်နွံမှ ရုန်းထွက်လိုသည့် ဆန္ဒရှိသူ သင်တန်းသားများကို ခေါ်ယူနေကြောင်း သိရသည်။

သင်တန်းသားများ ပြန်လည်ဖွင့်လှစ်ပေးခြင်းနှင့် ပတ်သက်ပြီး   လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ရွှေပြည်အေး မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း မှ ဦးစီးအရာရှိ  (စခန်းမန်နေဂျာ) ဦးဇော်ဝင်းထွဋ် က “မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေး စခန်းအနေနဲ့  ဒီရွှေပြည်အေး စခန်းကတော့ ခုမှပြန်ဖွင့်မှာပေါ့။ အရင်တုန်းက ပိတ်ထားတာတော့ ကြာပြီခင်ဗျ။ အခုပြန်ဖွင့်တာလည်း (၃)လ ရက်(၉၀)ပေါ့။ စခန်းအခြေပြုအနေနဲ့ ပြန်လည်ဖွင့်တာပါ။ သင်တန်းဖွင့်လှစ်ရာမှာလည်း သင်တန်းသားများအတွက် စီစဉ်ထားရှိမှုကိုလည်း ပထမဆုံးအနေနဲ့ သင်တန်းသားတွေကို (၇-၇-၂၀၂၀) ကနေ (၄-၁၀-၂၀၂၀) ထိ ဖွင့်လှစ်သွာမှာဖြစ်ပြီး ဖွင့်လှစ်တဲ့အချိန်မှာ သင်တန်းသားတွေကို ကျန်းမာရေး စစ်ဆေးမယ်။ ဘီပိုး စီပိုး ရှိလားပေါ့ ။ ရှိရင်တော့ ကျွန်တော်တို့ လက်ခံလို့မရဘူးပေါ့။ သူတို့ဆေးသုံးစွဲတဲ့ ပမာဏကိုလည်း စစ်ဆေးမယ်။ ဥပမာ ဆေးပြားသုံးထားလား။ နံပါတ်(၄)မှာ အဖြူသုံးထားလား အမဲသုံးထားလား။ နောက် ဆေးပြားနဲ့ အရက်တွဲလား။ အဲ့အပေါ်မူတည်ပြီး မှန်ကန်ဖို့ ဆရာဝန်တွေနဲ့လည်း တိုင်ပင်ရပါတယ်။ မနက်ပိုင်းဆိုရင် လေ့ကျင့်ခန်းတွေလုပ်မယ်။ သန့်ရှင်းရေး တွေလုပ်မယ်။ စာသင်မယ်။ ဆွေးနွေးခြင်းတွေ လုပ်မယ်။ သူတို့ကို နှစ်သိမ့်အကြံပေးတာတွေလုပ်မယ်။ ထမင်းစားချိန်တို့ အားကစားအချိန်တို့ သီးခြားစီခွဲထားပြီးတော့ လုပ်ဆောင်သွားမှာပါ။ ခုချိန်မှာ ကိုဗစ် ကာလ ဖြစ်တဲ့အတွက် ကျန်းမာရေးဝန်ကြီးဌာနတို့၊ ကိုဗစ်ကော်မတီတို့ကိုတော့  လာရောက်စစ်ဆေးပေးဖို့တော့ စာတင်ထားပါတယ်။ သင်တန်းသားတွေအတွက်ဆိုရင်လည်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေနဲ့အညီ Physical Distancing ပေါ့ တစ်ယောက်နဲ့တစ်ယောက် (၆)ပေအကွာတွေတော့ လုပ်ဆောင်ထားပါတယ်။ ကိုဗစ်ကော်မတီက လာရောက်စစ်ပြီးရင်တော့ စတင်ဖွင့်လှစ်သွားမှာပါ။ သင်တန်းသားကတော့ (၂၀)ဦး လက်ခံသွားမှာပါ” ဟု ပြောသည်။

 

DSC_8715

 

ဆက်လက်ပြီး “ သင်တန်းသား အခက်အခဲရှိနေတာနဲ့ ပတ်သက်လို့ ဒီမှာမဖွင့်တာလည်း ကြာလို့ လူသိနည်းသွားတာက တစ်ချက်ပေါ့။ နောက်တစ်ချက်က ဒီဒေသခံတွေက ထင်မြင်ယူဆချက် လွဲမှားသွားတဲ့အချက်ပေါ့ ။  ဘာလို့လဲဆိုရင် သင်တန်းသား တောင်းလိုက်တဲ့အခါမှာ သူတို့ရဲ့ မိသားစုတွေက သူတို့သားသမီးတွေ၊ ဆွေမျိုးအသိုင်းအဝိုင်းတွေ လာပို့လို့ရှိရင် ဒီလူမှုပတ်ဝန်းကျင်မှာ ဂုဏ်သိက္ခာ ထိခိုက်နိုင်တယ်ပေါ့။ တကယ်တန်းတော့ နားလည်မှုလွှဲတာပါ။ ဆေးစွဲတဲ့သူတွေကို ကျွန်တော်တို့က ပြန်လည်ထူထောင်ရေး လုပ်ပေးလိုက်လို့ ပြန်ကောင်းလာလို့ဆိုရင် လူမှုဘဝမှာ ပြန်လည်ဝင်ဆံ့လာတဲ့အတွက် ပုံမှန်အတိုင်း ပြန်ဖြစ်လာနိုင်မယ်ပေါ့။ ဒါတွေကို နားလည်မှုလွဲတာပါ။  ဒီသင်တန်းကို နိုင်ငံတော်က ပံ့ပိုးကူညီမှုနဲ့ ဖွင့်တဲ့အတွက် သင်တန်းသားတွေဆီက တစ်ပြားတစ်ချပ်မှ ကောက်ခံခြင်းမရှိပါဘူး။ ဒါကို အရပ်ထဲမှာကျတော့ ပိုက်ဆံပေးရမယ်ဆိုတဲ့ အတွေးတွေပေါက်နေတာက တစ်ချက်ပေါ့။ တကယ်တန်း ဒီစခန်းကို ကိုယ်တိုင်လာရောက်လေ့လာပြီးတော့ အပ်နိုင်ပါတယ်ပေါ့။ အပြင်စကားတွေ မယုံဘဲနဲ့ပေါ့။  ဒေသခံတွေရဲ့ပြောသံ ကြားတာကတော့   တောင်ပေါ်မှာတော့ မူးယစ်ဆေးဖြတ် စခန်းရှိတယ်ပေါ့။ အရပ်ဖက်က ဖွင့်တာပေါ့။ (၅)သိန်း၊ (၈)သိန်း ပေးရတယ်လို့တော့ ကြားတာပေါ့။ ကျွန်တော်တော့ သေချာမသိဘူးပေါ့။  ကျွန်တော်တို့ကတော့ နိုင်ငံတော်က ထောက်ပံ့မှု အစီအစဉ်ပေးတဲ့အတွက် အားလုံး Free ပါပဲ” ဟု ပြောသည်။

 

1

 

“လက်ရှိမှာတော့ ဒေသခံတွေ နားလည်အောင် ဟောပြောခဲ့ပြီး အုပ်ထိန်းသူလာအပ်ထားတဲ့ သင်တန်းသား (၄)ယောက်ရှိပြီ ။ ကျွန်တော်တို့မှာ ကန့်သတ်ထားတာကတော့ မိဘအုပ်ထိန်းသူရဲ့ ခွင့်ပြုချက်တွေ၊ ခံဝန်ဂတိတွေ ကို မိဘအုပ်ထိန်းသူကော ၊  သင်တန်းသားကော လက်မှတ်ထိုးပေးရမယ်။ ထွက်ပြေးလို့ရှိရင်တော့ တာဝန် မယူဘူး ခင်ဗျ။ သင်တန်းသားလက်ခံရာမှာ  ဒေသမရွေး လာရောက်အပ်နှံနိုင်ပြီး သင်တန်းတစ်သုတ်လျှင် လူဦးရေ (၂၀) သာလက်ခံမည်ဖြစ်ကြောင်း၊ (၂၀) မပြည့်မချင်း လာရောက်အပ်နှံသူ ရှိပါက ရက်ကန့်သတ်ချက်မရှိဘဲ လက်ခံသွားမှာဖြစ်ကြောင်း၊ နိုင်ငံတော်ရဲ့ ပံ့ပိုးကူညီမှုနဲ့ သင်တန်းတွေ စဉ်ဆက်မပြတ် ဖွင့်သွားဖို့ရှိပါတယ်။ သင်တန်းပြီးတဲ့အခါ (၁)လလောက်နားချင်နားမယ်။ နားနေတဲ့ကာလအတွင်း ဆေးဖြတ်ပြီးသူတွေကို နောက်ဆက်တွဲ စောင့်ရှောက်တဲ့ စေတနာ့ဝန်ထမ်းကြီးကြပ်ရေး သင်တန်းတွေကို ဖွင့်ပေးဖို့ရှိကြောင်း၊ ပြီးရင် ဆေးဖြတ်တဲ့သင်တန်းပြန်ဖွင့်မှာပါ။ သင်တန်းသားများအနေနဲ့ သင်တန်းတက်ရောက်ရာမှာ တစ်ကိုယ်ရေသုံး ပစ္စည်းများသာ ယူဆောင်လာရမှာဖြစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုကိုတော့ စခန်းမှ ဆောင်ရွက်ပေးမှာဖြစ်တယ်။ သင်တန်းသားများနဲ့ တွေ့ဆုံမှုကိုတော့ တစ်ပတ်ကို (၁)ရက်တွေ့ခွင့်ပေးမယ်။  ကျန်းမာရေး တိုးတက်ကောင်းမွန်လာပြီဆိုရင် လေ့လာရေးခရီးတွေ ပို့ပေးဖို့အစီအစဉ်ရှိပါတယ်။ သင်တန်းကာလတွင် စိုက်ပျိုးရေးသင်တန်း၊ အသက်မွေးဝမ်းကျောင်း ပညာဖြစ်တဲ့  ဆိုင်ကယ်ပြင်သင်တန်း၊ ကားဝပ်ရှော့သင်တန်းတွေကို သင်ကြားပေးဖို့ တခြားဗဟုသုတ ဖြစ်စေမယ့် ဟာလေးတွေ သူတို့ရဲ့စိတ်ကို ပြန်လည်ထူထောင်ပေးနိုင်တဲ့ ပညာလေးတွေကို သင်ပေးဖို့အစီအစဉ်ရှိပါတယ်။ သင်တန်းဆင်းပြီးသွားရင်လည်း မိဘအုပ်ထိန်းသူထံ သေချာပြန်လည်အပ်နှံ သွားမှာဖြစ်ပါတယ်” ဟု ပြောကြားသည်။

ထို့ပြင် “ကျွန်တော့အနေနဲ့ ဒီမီဒီယာတွေကနေတစ်ဆင့် ပြောချင်တာလေးကတော့ ကျွန်တော်တို့ သင်တန်းဖွင့်တဲ့အခါမှာ ဒီမူးယစ်ဆေးဖြတ်စခန်းဆိုတာ ရဲစခန်းလည်း မဟုတ်ပါဘူး။ လူမှုဝန်ထမ်းဝန်ကြီးဌာနရဲ့ အောက်ကဌာနဆိုတော့လေ အစိုးရဝန်ထမ်းတော့ ဟုတ်ပါတယ်။ သူတို့နားလည်မှုလွှဲနေတဲ့ ဆေးဖြတ်ရင်ဖမ်းမယ် ဆိုတာတော့မဟုတ်ပါဘူး။ သင်တန်းကြေးလည်း မကောက်ပါဘူး။ အားလုံးလည်း Free ပါပဲ။ ကျန်းမာရေးကအစ အကုန်လုံးစောင့်ရှောက်မှုအသင့်ပါပဲ။ အချိန်မရွှေးလာရောက်စုံစမ်းနိုင်ပါတယ်” ဟု ဆက်ပြောသည်။

 

2

 

ရွှေပြည်အေး မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေး စခန်းကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်မှ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနကို လွှဲပြောင်းခဲ့ခြင်းဖြစ်ပြီး ၁၉၈၃ ခုနှစ်ကစပြီး ကသဲ ဘက်စုံပြန်လည်ထူထောင်ရေး စခန်းဟု စတင်ဖွင့်လှစ်ခဲ့ရာမှ ၂၀၂၀ ခုနှစ်တွင် ရွှေပြည်အေး မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည် ထူထောင်ရေးစခန်းဟု အမည်ပြောင်းလဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ၂၀၀၅ ခုနှစ်တွင် ပိတ်ထားခဲ့ပြီး ၁၉၈၃ ခုနှစ်မှ ၂၀၀၅ ခုနှစ်ထိ သင်တန်းအပတ်စဉ် (၂၈)ထိ ဖွင့်လှစ်၍ မူးယစ်ဆေးစွဲလူနာ (၄၂၇)ဦး ဆေးဖြတ်ကူးသပေးနိုင်ခဲ့ကြောင်း သိရှိရသည်။

ကိုစိုင်း (လွိုင်ကော်)

 

DSC_8658

 

DSC_8718DSC_8685