နေပြည်တော် ၄ ဇူလိုင်
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ဝဲဒေါင့်ကျေးရွာအုပ်စု၊ အုန်းပင်စုကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်းတွင် ရန်ကုန်မြို့မှ အလှူရှင်များ ဆောက်လုပ်လှူဒါန်းထားသည့် ပေ(၃၀×၆၀) တစ်ထပ်ကျောင်းဆောင် အဆောက်အအုံသစ်အားပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါကျောင်းဆောင်သစ် အဆောက်အအုံခန်းမအတွင်း၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ချိုချိုနှင့် တောင်ငူခရိုင် ပညာရေးမှူး ဒေါ်နော်ဥမ္မာထွန်းတို့က ကျောင်းဆောင်အဆောက်အအုံသစ် ဆောက်လုပ်လှူဒါန်းပေးခြင်းအတွက် ကျေးဇူးတင်စကား ပြောကြားကြသည်။
ထို့နောက် ကျောင်းအဆောက်အအုံ အလှူရှင် ဦးမြင့်ဝင်းမှ ခရိုင်ပညာရေးမှူးထံသို့ ပေ(၃၀×၆၀) တစ်ထပ်ကျောင်းဆောင် အဆောက်အအုံသစ်အား လွှဲပြောင်းပေးအပ်ခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ချိုချိုမှ ကျောင်းဆောင်အလှူရှင် ဦးမြင့်ဝင်းအား ဂုဏ်ပြုလွှာ ပြန်လည်ပေးအပ်သည်။
အဆိုပါ ကျောင်းဆောင်သစ်အား မိခင်ကြီးဒေါ်အေးဟန်အား အမှူးထား၍ ဦးမြင့်ဝင်းနှင့် ညီအစ်ကိုမောင်နှမများ ကောင်းမှုဖြင့် ဆောက်လုပ်လှူဒါန်းပေးခြင်းဖြစ်ကြောင်း သိရသည်။
အေးအေးသန့်