ဒါကာ ၆ ဇူလိုင်
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ကိုဗစ် - ၁၉ ကြောင့် သေဆုံးသူအရေအတွက် ၂၀၀၀ ကျော်သွားပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန အာဏာပိုင်များက ဇူလိုင် ၅ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
သေဆုံးသူ ၅၅ ဦး ထပ်မံပေါ်ထွက်
နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု ဆက်လက်အရှိန်မြင့်နေဆဲ ဖြစ်ပြီး ပြီးခဲ့သည့် ၂၄ နာရီအတွင်း ရောဂါထပ်မံကူးစက်ခံရသူ ၂၇၃၈ ဦး အထိရှိခဲ့ကာ သေဆုံးသူ ၅၅ ဦး ထပ်မံပေါ်ထွက်ခဲ့သည်။ လက်ရှိတွင် ရောဂါကူးစက်မှုကြောင့် သေဆုံးသူအရေအတွက်မှာ ၂၀၅၂ ဦးအထိဖြစ်လာပြီး ရောဂါကူးစက်ခံရသူ အရေအတွက်စုစုပေါင်း ၁၆၂၄၁၇ ဦးဖြစ်ကြောင်း သိရသည်။
ဗိုင်းရပ်စ်စစ်ဆေးမှုဆောင်ရွက်
ပြီးခဲ့သည့် ၂၄ နာရီအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝန်းရှိ ဓာတ်ခွဲခန်းများတွင် ဗိုင်းရပ်စ်စစ်ဆေးမှု ၁၃၉၈၈ခု ဆောင်ရွက်ထားကြောင်း ကျန်းမာရေးဝန်ကြီးဌာန အကြီးတန်းအာဏာပိုင် နာဆီမာစူလ်တန်နာက ဇူလိုင် ၅ ရက်တွင် ပြုလုပ်ခဲ့သည့် ရှင်းလင်းပွဲအတွင်း ပြောကြားခဲ့သည်။
ယခုအခါ ရောဂါကူးစက်ခံရမှုမှ ပြန်လည်သက်သာလာသည့် လူနာအရေအတွက် စုစုပေါင်းမှာ ၇၂၆၂၅ ဦးအထိ ရှိသွားပြီဖြစ်ကြောင်း သိရသည်။
ဆင်ဟွာ