လွိုင်ကော် ၆ ဇူလိုင်
ကယားပြည်နယ် လွိုင်ကော်မြို့ ကုန်းသာကျေးရွာအုပ်စု ပီကင်းကောကျေးရွာနေ ဦးမောင်ချို့ ဝက်မွေးမြူရေးလုပ်ငန်းနှင့် ဦးဖိလစ်မျိုးအောင် ဝက်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူတို့ နှစ်ဦးစပ် မွေးမြူထားသော ကျေးရွာ အနောက်ဘက် နှစ်ဖာလုံခန့်အကွာ လယ်ကွင်းတောတွင် DYN အမျိုးအစား ဝက်အကောင်ရေ ၁၅၁ ကောင် မွေးမြူထားရှိရာ ဇွန် ၂၈ ရက်မှ ဇူလိုင် ၄ရက် ညနေ ၃ နာရီအထိ အစာမစားခြင်း၊ အော့အန်ခြင်း စသည့် လက္ခဏာများဖြင့် ဝက်ကောင်ရေ စုစုပေါင်း ၅၄ ကောင် သေဆုံးခဲ့ကြောင်း ဝက်မွေးမြူ ရေးလုပ်ငန်းလုပ်ကိုင်သူ၏ ပြောကြားချက်အရ သိရသည်။
ဝက်သေဆုံးမှုအများဆုံးမှာ ဇူလိုင် ၄ ရက်တွင် ၂၁ ကောင်ဖြစ်ပြီး အဆိုပါသေဆုံးသည့် ဝက်များအား ဝက်ခြံအနီးတွင် ဘက်ဟိုးဖြင့် မြေကျင်းအနက် ၁၀ ပေခန့်တူးပြီး မြှုပ်နှံခဲ့သည်။ ဝက်များ သေဆုံးမှုကြောင့် ဇူလိုင် ၄ ရက် နံနက် ၉ နာရီခွဲတွင် ကယားပြည်နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးသန်းအေးနှင့် အဖွဲ့ဝင်များက သေဆုံးခဲ့သည့်ဝက်ခြံကို လာရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး သေဆုံးခြင်းနှင့် ပတ်သက်၍ ရောဂါအတည်ပြုနိုင်ရေးအတွက် သေဆုံးဝက်၏ သွေးနမူနာအား ရယူခဲ့ကြောင်း သိရသည်။
“အခုလိုဝက်တွေရောဂါကြောင့်သေဆုံးနေတာကို ကျေးရွာနေသူတွေက စိုးရိမ်မှုတွေဖြစ်ပေါ်နေပြီး သက်ဆိုင်ရာ ဌာနတွေက ဘယ်လိုကာကွယ်ရမလဲ၊ ဘယ်လိုကုသရမလဲ၊ ဘယ်လိုပြင်ဆင်မှုတွေ လုပ်ရမလဲဆိုတာကို ချပြပေး နိုင်ရင်တော့ ပိုပြီးကောင်းမယ့် အနေအထားရှိပါတယ်”ဟု ကုန်းသာကျေးရွာအုပ်စု ပီကင်းကောခူကျေးရွာ တာဝန်ခံ ဦးအောင်ကျော်ဌေးက ပြောကြားသည်။
ကိုစိုင်း(လွိုင်ကော်)


