ကော့သောင်း  ၆   ဇူလိုင်

 

ပင်လယ်ငါးဖမ်းရေယာဉ် ရေလုပ်သားများအတွက် လုပ်ငန်းခွင်ကျန်းမာရေးနှင့် အသက်အန္တရာယ်ကင်း ရှင်းရေး သင်တန်းကို ကော့သောင်းမြို့၊ ကမ်းနီးရေလုပ်ငန်းကုမ္ပဏီများဇုန်ခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက စတင်ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။

 

သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ကော့သောင်းခရိုင်၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးမြဝင်းက အဖွင့်အမှာစကားပြောကြားပြီး ကော့သောင်းခရိုင်၊ ငါးလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသန့်ဇင်က သင်တန်းပို့ချရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

 

mdn

 

အဆိုပါ သင်တန်းကို ကော့သောင်းခရိုင်အတွင်းရှိ ပင်လယ်ငါးဖမ်းရေယာဉ်များပေါ်ရှိ ရေလုပ်သားများ၊ ရေယာဉ်မှူးများကို အသိပညာဗဟုသုတများရရှိစေပြီး သိရှိလိုက်နာစေရန်၊ ပင်လယ်ပြင်လုပ်ငန်းခွင်တွင် ဖြစ်ပေါ်လာနိုင်သော ဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်ရမည့်နည်းလမ်းများ၊ လုပ်ငန်းခွင် ကျန်းမာရေးနှင့် အသက်အန္တရာယ်ကင်းရှင်းရေး ၊ ပင်လယ်ငါးဖမ်းရေယာဉ် ရေလုပ်သားများအနေဖြင့် လုပ်ငန်းခွင်အတွင်း လုပ်ငန်းဆောင်ရွက်နေစဉ် ကျန်းမာရေးအရသော်လည်းကောင်း၊ ရာသီဥတု အခြေအနေအရ အန္တရာယ်နှင့်ရင်ဆိုင်လာရပါက သင်းတန်းမှပို့ချထားသော အတွေ့အကြုံများကို လက်တွေ့အခြေအနေနှင့် ပေါင်းစပ်စေခြင်းဖြင့် မိမိတို့၏ အသက်အန္တရာယ်ကာကွယ်မှုမှာ ယခင်ကထက်ပိုမိုပြီး အထောက်အကူဖြစ်စေနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

 

ကမ္ဘာပေါ်တွင် ငါးဖမ်းရေယာဉ်ပေါင်း (၃ ဒသမ ၈)သန်းခန့်နှင့် ရေလုပ်သား(၁၅)သန်းခန့်ရှိရာ အများစုမှာ အာရှနိုင်ငံများမှဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ရေလုပ်သား(၄)သိန်းကျော်ခန့်ရှိပြီး ရေလုပ်သား မတော်တဆ ထိခိုက်မှု ၄၃ ရာခိုင်နှုန်းခန့်ရှိကြောင်း၊ လွန်ခဲ့သည့်ငါးဖမ်းရာသီအတွင်းက ကော့သောင်းခရိုင်တွင် မှတ်ပုံတင် ထားသည့် ကမ်းဝေးငါးဖမ်းလှေ ၂၂၅ စီးနှင့် ရေလုပ်သား (၇၀ဝ၀)ကျော် ၊ ကမ်းနီးငါးဖမ်းလှေ စီးရေ ၂၅၀ဝ ခန့် နှင့် ရေလုပ်သား ၃၀ဝ၀ ကျော်ခန့် ရှိပြီး ရှိကြောင်း သိရသည်။   

 

အဆိုပါသင်တန်းမှာ ငါးလုပ်ငန်းဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရေကြောင်းဦးစီးဌာန၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန ၊မီးသတ်ဦးစီးဌာနနှင့်ကြက်ခြေနီတပ်ဖွဲ့တို့မှ တာဝန်ရှိသူများ က မြို့နယ်အတွင်းရှိ ရေလုပ်သားများကို အစုအဖွဲ့အလိုက် အပတ်စဉ် စာတွေ့ လက်တွေ့ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

ကျော်စိုး (ကော့သောင်း)