ကသာ ၆ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများသည် မြို့ပေါ်ရှိ ဈေး၊ လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များတွင် ပလတ်စတစ်အသုံးပြုမှု လျှော့ချရေးနှင့် ဒေသထွက် ငှက်ပျောဖက်၊ အင်ဖက်များကိုသာ ဦးစားပေးအသုံးပြုရေးတို့အတွက် ဈေးရောင်း ဈေးဝယ် ပြည်သူများအား အသိပညာပေးခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းလုပ်ငန်းများ ကို ဇွန်လ(၃၀)ရက်နေ့မှစ၍ ယနေ့အထိ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကသာမြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဦးစီးအရာရှိနှင့် တာဝန်ရှိ သူများသည် မြို့ပေါ်ရှိ ဈေးများ၊ လက်ဖက်ရည်များနှင့် စားသောက်ဆိုင်များသို့ သွားရောက်ပြီး ပလတ်စတစ် အသုံးပြုမှု လျှော့ချရေး အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပြီး အဆိုပါ နေရာများတွင် ဈေးရောင်းဈေးဝယ်များအနေဖြင့် ပလတ်စတစ်အစား ဒေသထွက် ငှက်ပျောဖက်နှင့် အင်ဖက်များကို အသုံးပြုမှုရှိ မရှိကို စစ်ဆေးခဲ့ကြောင်း သိရသည်။
“အခုလိုဆောင်ရွက်ခြင်းကို တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့၏ လမ်းညွှန် ချက်များကို လိုက်နာ ဆောင်ရွက်တဲ့အနေနဲ့ ဆောင်ရွက်ခြင်းဖြစ်ပြီး ပလတ်စတစ်ဟာ မြို့ရဲ့ သဘာဝ ပတ်ဝန်းကျင်၊ ရေ၊ မြေ၊ တောတောင် ပတ်ဝန်းကျင်သန့်ရှင်းမှု၊ စိမ်းလန်းစိုပြည်မှုတို့ကို ထိခိုက်ညစ်နွမ်းစေတဲ့အတွက် ဈေးတွေမှာ ပလတ်စတစ်အသုံးပြုမှုကို အစွမ်းကုန်လျှော့ချပြီး ဒေသထွက်ဖြစ်တဲ့ ငှက်ပျောဖက်၊ အင်ဖက်များကိုသာ ဦးစားပေး အသုံးပြုဖို့ အဓိကထားပြီး အသိပညာပေးခဲ့တယ်”လို့ ကသာမြို့နယ် စည်ပင်သာယာရေး ကော်မတီမှ ဦးစီးအရာရှိ ဒေါ်ကျော့ယဉ်ဝင်းက ပြောသည်။
ကသာမြို့နယ်ရှိ ဈေးများတွင် ဒေသထွက် ငှက်ပျောဖက်၊ အင်ဖက်များကို အဓိကထား အသုံးပြု လျက်ရှိသည်ကို တွေ့ရှိရပြီး ကသာမြို့နယ်စည်ပင်သာယာရေးကော်မတီအနေဖြင့် ဈေးအတွင်းရှိ ဈေးရောင်း ဈေးဝယ်ပြည်သူများကို ကိုယ်အပူချိန်တိုင်းတာခြင်း၊ နှာခေါင်စည်းများ တပ်ဆင်ပြီး ဈေးရောင်းဝယ်ခြင်းရှိ မရှိ စစ်ဆေးခြင်းလုပ်ငန်းတို့ကို နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ဈေးများအတွင်း အဆိုပါပလပ်စတစ်အသုံးပြုမှုလျှော့ချရေး အသိပညာပေးခြင်းလုပ်ငန်းကိုလည်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကသာမြို့နယ်စည်ပင်သာယာရေး ကော်မတီမှ သိရှိရသည်။
ခရိုင်(ပြန်/ဆက်)


