မြောင်းမြ    ၅   ဇူလိုင်    

 

ဧရာဝတီတိုင်းဒေသကြီး  မြောင်းမြမြို့  ခုတင် ၂၀ဝ ဆံ့ ပြည်သူ့ဆေးရုံတွင် ကျောက်ကပ်စင်တာ ဖွင့်လှစ်နိုင်ရေးအတွက် အလှူငွေပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက  ဆေးရုံကြီး အစည်းအဝေးခန်းမ ၌ ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်မြို့ တိုင်းဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ် ၊ မြောင်းမြ ခုတင်၂၀ဝ ဆေးရုံအုပ်ကြီး ဒေါက်တာနှစ်ဆန်းဦး ၊ အထူးကု ဆရာကြီး၊ ဆရာမကြီးများ ၊ဆေးရုံကြီးကြပ်မှုကော်မတီဝင်များ ၊ အလှူရှင်များ တက်ရောက်ကြသည်။

 

mdn

 

ကျောက်ကပ်စင်တာအတွက် ရွှေဥဒေါင်းရွှေဆိုင်မှ ဦးကျော်ထွန်း ၊ ဒေါ်မြင့်မြင့်သန်း မိသားစုက အလှူငွေ ကျပ် သိန်း ၅၀ဝ အပါအဝင် အလှူရှင် ၇)ဦးတို့က စုစုပေါင်း ကျပ်သိန်းပေါင်း(၁၄၃၅)သိန်းအား ပေးလှူရာ ဒေါက်တာသန်းမင်းထွဋ်နှင့် တာဝန်ရှိသူများက လက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

မြောင်းမြမြို့ ကျောက်ကပ်စင်တာကို မြောင်းမြပြည်သူ့ဆေးရုံကြီး ရှိ (အလျား ပေ-၄၄ ၊ အနံ ပေ- ၃၄) ယခင်ဆေးသိုလှောင်ခန်းအား ပြန်လည်ပြုပြင်မွမ်းမံပြီး ကျောက်ကပ် သန့်စင်စက် (၅)လုံးထားရှိကာ ကျောက်ကပ်ဝေဒနာရှင်များအား လက်ခံကုသပေးသွားမည်ဖြစ်ပြီး မကြာမီ ဖွင့်လှစ်အသုံးပြုနိုင်ရေး အတွက် အမြန်ဆုံး ပြင်ဆင်ဆောင်ရွက်လျှက်ရှိကြောင်းလည်း သိရသည်။

 

အောင်မင်း(မြောင်းမြ)