ညောင်ဦး ၆ ဇူလိုင်

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၌ ညောင်ဦးခရိုင်လူငယ်ရေးရာကော်မတီနှင့် ပလန်မြန်မာ အင်တာနေရှင်နယ်တို့ ပူးပေါင်း၍ ဇူလိုင်လအတွင်း ကိုဗစ်-၁၉ ရောဂါကာလအတွင်း  ကာကွယ်စောင့်ရှောက်ရေး လူပ်ရှားမှု အစီအစဉ်အဖြစ် လူငယ်အကျိုးပြု အွန်လိုင်းသင်တန်းများ အခမဲ့ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ခရိုင် လူငယ်ရေးရာကော်မတီထံမှ သိရသည်။

 

ညောင်ဦးခရိုင် လူငယ်ရေးရာကော်မတီ အတွင်းရေးမှူး ဦးချစ်မင်းက "ညောင်ဦးခရိုင်အတွင်းရှိ လူငယ်ပေါင်း ၇၇ ယောက်ကို ရွေးချယ်စိစစ်၍  ခရိုင်အဆင့် လူငယ်ကိုယ်စားလှယ် တစ်ဦးလျှင် ၇ ဦး နှုန်းဖြင့် တာဝန်ယူကာ အွန်လိုင်းသင်တန်းအဖြစ် မျှဝေသွားမှာ ဖြစ်ပါတယ်၊ သင်တန်းမှာ ကလေးသူငယ်နှင့် လူငယ်များ ဘေးကင်းလုံခြုံရေးဆိုင်ရာမူဝါဒ၊ အင်တာနက်ခြေရာခေါင်းစဉ်၊ ကျား၊ မ အခြေပြု အကြမ်းဖက်မှု၊ ကိုရိုနာဗိုင်းရပ်စ်ရောဂါအကြောင်း စသည့်ခေါင်းစဉ်တို့ကို အဖွဲ့ဝင်များမှ အသီးသီး တာဝန်ယူကာ အသိပညာပေးမျှဝေပို့ချသွားမှာဖြစ်ပြီး တက်ရောက်ခွင့် ရရှိသူ လူငယ်များအား ဖုန်းဘေလ် တစ်သောင်းငါးထောင်ကျပ်၊ ကိုရိုနာဗိုင်းရပ် ကာကွယ်တားဆီးရေး အထောက်အကူပြု ပစ္စည်းများနှင့် ညောင်ဦးခရိုင်လူငယ်ရေးရာကော်မတီ တံဆိပ်ပါ အင်္ကျီတစ်ထည် (ငါးထောင်ကျပ်တန်) တို့ကို ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်" ဟု ပြောသည်။

 

အဆိုပါ သင်တန်းများဖွင့်လှစ်ရတဲ့ ရည်ရွယ်ချက်ကတော့ လူငယ်တွေဟာ မိမိတို့ကိုယ်တိုင် ပြဿနာများကို ဖြေရှင်းနိုင်စေရန်၊ မိမိတို့ပတ်ဝန်းကျင်သို့ မှန်ကန်သော သတင်းအချက်အလက်များကို ပြန်လည်မျှဝေပေးနိုင်ရန်၊ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရခြင်း၊ အကြမ်းဖက်ခံရခြင်း တို့မှ အချင်းချင်း အပြန်အလှန် ကူညီစောင့်ရှောက်နိုင်စေရန်၊ အင်တာနက်အသုံးပြုရာတွင် ကောင်းကျိုး ရရှိစေရန်နှင့် ဆောင်ရန် ရှောင်ရန်တို့ကို နားလည်သိရှိစေရန် ဖြစ်ကြောင်း သိရသည်။

 

ထိုအွန်လိုင်းသင်တန်းသို့ တက်ရောက်လိုသူ စိတ်ပါဝင်စားသူ လူငယ်များအနေဖြင့် သက်ဆိုင်ရာ တိုက်နယ်အသီးသီးမှ လူငယ်ကိုယ်စားလှယ်များထံသို့လည်းကောင်း၊ အတွင်းရေးမှူးထံသို့ လည်းကောင်း စာရင်းပေးသွင်းနိုင်ကြောင်းနှင့် စာရင်းပေးသွင်းသူ လူငယ်များထဲမှ အရည်အချင်း ကိုက်ညီသူများကို ရွေးချယ်သွားမှာ ဖြစ်ကြောင်း သိရသည်။

 

ကျော်မင်းဦး(ရေနံချောင်း)