မိုင်းပျဉ်း  ၆  ဇူလိုင်

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ခြင်ကိုက်ခံရခြင်းကြောင့် ဖြစ်ပေါ်တတ်သည့် သွေးလွန်တုပ်ကွေးရောဂါများ မကျရောက်စေရန် ကြိုတင်ကာကွယ်ရေးအနေဖြင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများနှင့် အသိပညာပေးနှိုးဆော်ခြင်းများကို ဇူလိုင် ၅ ရက် နံနက် ၈ နာရီက မြို့ပေါ်ရပ်ကွက်(၃)ရပ်ကွက်သို့ တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာတင်ဦးက ဦးဆောင်၍ ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများက အဖွဲ့များခွဲ၍ ဆောင်ရွက်ခဲ့ကြသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် မြို့ပေါ်ရပ်ကွက်များဖြစ်သော အလယ်ပိုင်းရပ်ကွက်၊ အောက်ဈေး တန်းရပ်ကွက်၊ ပိန်းဆန်းရပ်ကွက်စသည့် ရပ်ကွက်များရှိ ပြည်သူများ၏ နေအိမ်များသို့သွားရောက်ပြီး ခြင်များခိုအောင်းပေါက်ဖွားနိုင်သော ပန်းအိုးများ၊ ရေအိုး၊ ရေခွက်များနှင့်ရေဝပ်နိုင်သော ပစ္စည်းများအတွင်း ပိုးလောက်လန်းများ မပေါက်ဖွားနိုင်စေရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ပြုလုပ်ခြင်း၊ ရေတွင်း၊ ရေကန်၊ ‌ရေစည်များအား ဆေးခတ်ပေးခြင်း သွေးလွန်တုပ်ကွေးရောဂါနှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ကျန်းမာရေးအသိပညာပေးခြင်းနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်သွေးလွန်တုပ်ကွေး အသိပညာပေးပိုစတာများ ကပ်ခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

မေမွန်ထွဋ်၊ပြန်ဆက်