မြို့သစ် ၆ ဇူလိုင်
မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် ရဲတပ်ဖွဲ့က ဒေသခံပြည်သူများနှင့် ခရီသွားပြည်သူများကို ၂၀၂ဝ ပြည့်နှစ် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေအကြောင်း အသိပညာပေးခြင်းနှင့် ယာဉ်/လမ်းအန္တရာယ် ကင်းရှင်းရေး ပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက မြို့သစ်မြို့ မြို့ဝင် ဂိတ်များနှင့် ကားဂိတ် ၊ မြို့မဈေးအနီးတို့တွင် ဆောင်ရွက်ခဲ့ကြသည်။
ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများအနေဖြင့် ထုတ်ပြန်ထားသည့် ဥပဒေကိုသိရှိလိုက်နာခြင်း အားနည်းနေ၍ ဥပဒေအရ အရေးယူဆောင်ရွက်သည့်အခါ နစ်နာမှု မရှိစေရန် ကြိုတင် အသိပညာပေးခြင်းကို ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးလုပ်ငန်းကိုမြို့သစ်မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ဦးဆောင်၍ မြို့သစ်မြို့မ ရဲစခန်းမှူးနှင့် ရဲတပ်ဖွဲ့ဝင်များက ၂၀၂ဝ ပြည့်နှစ် မော်တော်ယာဉ် စီမံခန့်ခွဲမှု ဥပဒေကို သိရှိလိုက်နာရန် အချက်များ၊ စည်းကမ်းလိုက်နာမှုအား ချိုးဖောက်ကျူးလွန်မိပါက အရေးယူဆောင်ရွက်မည့် ပြစ်ဒဏ် များ ရှင်းလင်းပြောကြားသည်။
၂၀၂၀ ပြည့်နှစ် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ၏ ထူးခြားသည့် အချက်မှာ ဆိုင်ကယ်စီးနင်းသူများ အနေဖြင့် နေ့ည ဆိုင်ကယ်မီးကြီးဖွင့်၍ မောင်းနှင်ရမည်ဖြစ်ကြောင်း၊ ထိုအချက်ကို သိရှိလိုက်နာရန် အလေးထားကာ အသိပညာပေး ဆောင်ရွက်နေခြင်းဖြစ်ကြောင်း မြို့သစ်မြို့မရဲစခန်းမှ ယာဉ်ထိန်း တပ်ကြပ်ကြီးမျိုးထွေးထံမှ သိရသည်။
သန်းဝင်းထွန်း ( ပြန်ဆက်)


