ရပ်စောက် ၆ ဇူလိုင်
ရှမ်းပြည်နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ဝယ်ယူထားသော ဒေသနွားအား မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လုပ်ကိုင်နိုင်ရန် ရပ်စောက်မြို့နယ်၊ ဟွေးကျေးရွာအုပ်စု၊ လဲချားကျေးရွာသို့ ဒေသနွားမ ပြာစိမ်းအကောင် ၂၀နှင့် ဒေသနွားပြာစိမ်း အထီး တစ်ကောင် ပေးအပ်ပွဲကို ဇူလိုင် ၅ ရက် နံနက် ၈ နာရီခွဲ၌ ရပ်စောက်မြို့၊ ရေဖြူအခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်က “မွေးမြူ ရေးဘဏ်စနစ်နှင့် ဒေသနွား ဖြန့်ဖြူးတယ်ဆိုတာက ဒေသနွား မွေးမြူရေး တိရစ္ဆာန်ကောင်ရေ တိုးပွားရေးအတွက် မွေးမြူ ရေးနှင့် ကုသရေးဦးစီးဌာနက တိရစ္ဆာန် ဒေသနွားအထီး၊ အမများကို စိစစ်ရွေးချယ်ဝယ်ယူဖြန့်ဖြူးပြီး အစုအဖွဲ့များနှင့် ဆောင်ရွက်ခြင်းကို ခေါ်ပါတယ်၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေနဲ့ ရှမ်းပြည်နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရဲ့ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် (၁၇၅)သန်းနှင့် စုစုပေါင်း ဒေသနွား ပြာစိမ်းကောင်ရေ ၂၁၀ ကို ရှမ်းပြည်နယ်အတွင်း ရှမ်း(ရှေ့)၊ ရှမ်း(တောင်)၊ ရှမ်း(မြောက်) ဒေသ (၃)ခုရှိ ရပ်စောက်မြို့နယ်၊ တောင်ကြီး မြို့နယ်၊ ဆီဆိုင်မြို့နယ်၊ မိုးနဲမြို့နယ်၊ လားရှိုးမြို့နယ်၊ မိုးမိတ်မြို့နယ်၊ နမ့်ဆန်မြို့နယ်၊ တာချီလိတ်မြို့နယ်၊ ကျိုင်းတုံမြို့နယ်၊ မိုင်းဆတ်မြို့နယ်တို့ကို အညီအမျှ ဖြန့်ဖြူးသွားမှာဖြစ်ပါကြောင်း၊ ဖြန့်ဖြူးတဲ့ ဒေသနွားကောင်ရေကတော့ ဒေသနွား ပြာစိမ်းအမအကောင် ၂၀ နှင့် အထီး (၁)ကောင်၊ စုစုပေါင်း ဒေသနွားပြာစိမ်း ၂၁ ကောင်ကို မြို့နယ် တစ်မြို့နယ်မှာ ကျေးရွာတစ်ရွာ ဖြန့်ဖြူးပြီး ကျေးရွာတစ်ရွာမှာ အိမ်ထောင်စု(၁၀)စုကို ဖြန့်ဖြူးသွားတာ ဖြစ်ပါတယ်၊ အိမ်ထောင်စု တစ်စုကို ဒေသနွား ပြာစိမ်းအမ (၂)ကောင်နှုန်းနှင့် အိမ်ထောင်စု (၁၀)စု ဖြန့်ပြီး အထီးကိုတော့ အိမ်ထောင်စု (၁၀)စုထဲက တစ်ဦးကို မွေးမြူစေမှာ ဖြစ်ပါကြောင်း၊ မွေးမြူရေးဘဏ်စနစ်အရ တိရစ္ဆာန်ဒေသနွား လက်ခံရရှိသူက သတ်မှတ်ကာလ (၃)နှစ်ပြည့်လျှင် မူလရယူထားတဲ့ တိရစ္ဆာန်ရဲ့ အသက်အရွယ်၊ အရေအတွက်၊ အမျိုးအစား၊ အရွယ်အစားအတိုင်း အခြား မွေးမြူလိုသူတစ်ဦးကို လက်ဆင့်ကမ်းပေးရမှာဖြစ်လို့ ကျေးရွာမွေးမြူရေးဘဏ်ကော်မတီကို ပြန်လည်ပြီး တိရစ္ဆာန် အပ်နှံပေးရမှာဖြစ်ပြီး မွေးမြူရေးဘဏ်စနစ်နဲ့ တိရစ္ဆာန် လက်ခံရယူ မွေးမြူသူက (အတိုးငွေ) ပေးရခြင်းတော့ မရှိပါဘူး” ဟု ပြောကြားသည်။
ဆက်လက်၍ ရပ်စောက်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်မှ အမှာစကား ပြောကြားပြီး ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်မှ ရပ်စောက်မြို့နယ်၊ ဟွေးကျေးရွာအုပ်စု၊ လဲချား ကျေးရွာ၊ မွေးမြူရေးဘဏ် ကော်မတီဥက္ကဋ္ဌ ဦးသန်းဇော်လတ်ထံ ဒေသနွား လွှဲပြောင်းပေးအပ်၍လည်းကောင်း၊ ရပ်စောက်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်မှ ဟွေးကျေးရွာအုပ်စု၊ လဲချားကျေးရွာ၊ မွေးမြူရေးဘဏ် ကော်မတီ အတွင်းရေးမှူး ဦးဇော်မျိုးထံ အသင့်ရောစပ်ပြီး တိရစ္ဆာန်အစာအိတ် အသားတိုးနွားစာ (၅၅)အိတ် လွှဲပြောင်း ပေးအပ်၍လည်းကောင်း၊ ပြည်နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် ရပ်စောက်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့မှ လည်းကောင်း၊ မျိုးသန့် (မိုဘားဆား မြက်မျိုးစေ့ထုပ်)ကို ဒေသနွား မွေးမြူသူ ဦးသက်နိုင်ဦးထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ဒေသနွားအကောင် ၂၀ လက်ခံရယူသည့် ဟွေးကျေးရွာအုပ်စု၊ လဲချားကျေးရွာ မွေးမြူရေးဘဏ် ကော်မတီဝင် ဦးဇော်မင်းလတ်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဒေသနွား လွှဲပြောင်းနေမှုများအား သွားရောက် ကြည့်ရှု၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း(ပြန်/ဆက်)


