ထန်းတပင် ၆ ဇူလိုင်
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ၏ လယ်ယာထွက်ကုန်များအား ငွေကြေးကုန်ကျမှုစရိတ်သက်သာစွာဖြင့် ဈေးကွက်သို့လျင်မြန်စွာ ရောက်ရှိနိုင်စေရေးနှင့် သွင်းအားစုများ သယ်ယူဆောင်ရွက်ရာတွင် အဆင်ပြေလွယ်ကူစေရေးအတွက် ကျေးလက်ကုန် ထုတ်ဂဝံလမ်းကို ရေပေါ်သောင်ကျေးရွာအုပ်စု၊ ရေပေါ်သောင်ကျေးရွာတွင် ဖောက်လုပ် လျက်ရှိပြီး ယခုအခါလုပ်ငန်းဆောင်ရွက်မှု အခြေအနေများမှာ ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ လမ်းကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ တတိယအပတ်မှစတင်၍ ဆောင်ရွက်ခဲ့ပြီး ယခုဆိုလျှင် လုပ်ငန်းဆောင်ရွက်မှုများအနေဖြင့် ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကာ တောင်သူများ၏စိုက်ပျိုး လယ်ယာမြေဧက(၆ဝဝ)ကျော်တို့၏ လယ်ယာထွက်ကုန်သီးနှံများကို ကုန်ကျစရိတ်များသက်သာစွာ သယ်ယူဆောင်ရွက်သွားနိုင်ပြီဖြစ်သလို ပျက်စီးလွယ်သော သီးနှံများ သယ်ယူပို့ဆောင်ချိန်တွင်လည်း ပျက်စီးဆုံးရှုံးမှုများ လျော့နည်းလာစေမည်ဖြစ်ကြောင်းလည်း သိရသည်။
ကျေးရွာကုန်ထုတ်ဂဝံလမ်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုအစိုးရခွင့်ပြုရန်ပုံ ငွေကျပ်သန်း (၂၃.၅၀)ဖြင့် အရှည်(၂၁၇၀)ပေ၊ အကျယ်(၁၂)ပေနှင့် ထု(၉)လက်မနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေကျပ်သန်း(၆၁.၇၈)ဖြင့် အရှည်ပေ (၆၀ဝ၀)၊ အကျယ်(၁၂)ပေနှင့် ထု(၉)လက်မကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှတင်ဒါစနစ်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပြည်ထောင်စုအစိုးရခွင့်ပြုရန်ပုံငွေဖြင့် နှင်းဝေစိုးမိသားစုကုမ္ပဏီနှင့် တိုင်းဒေသကြီးအစိုးရ ခွင့်ပြုရန်ပုံငွေဖြင့် စောသစ္စာမိသားစုကုမ္ပဏီတို့မှ တာဝန်ယူဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးနိုင်ကရှင်းပြသည်။
ဇင်မင်းထိုက်(ထန်းတပင်)


