ကျောက်ပန်းတောင်း   ၆   ဇူလိုင်

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဆင်ခြေထောက် ရောဂါကင်းဝေးရေး လူအားလုံးဆေးတိုက်ကျွေးခြင်း(မြို့နယ်အဆင့်) အသိပေး ရှင်းလင်းပွဲကို၊ ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး စကားဝါမြေခန်းမတွင် ပြုလုပ်ခဲ့သည်။

 

mdn

 

အခမ်းအနားတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်တုတ်က အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်က ကာကွယ်ဆေးတိုက်ကျွေးရာတွင် ရပ်ကွက်/ ကျေးရွာအုပ်စုအလိုက် လူမှုရေးအသင်းအဖွဲ့ များနှင့်ပူးပေါင်းပါဝင်ဆောင်ရွက်သွားနိုင်ရေး ဆွေးနွေး ပြောကြားသည်။

 

ဆက်လက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူး ဒေါက်တာသက်ဦးက ဆင်ခြေထောက်ရောဂါ ကာကွယ်ဆေးတိုက်ကျွေးရခြင်းရည်ရွယ်ချက်နှင့် နှစ်စဉ်တိုက် ကျွေးခဲ့ရမှု အခြေအနေများ၊ ပြည်သူများ၏ ကျန်းမာရေးအသိနှင့်တုံ့ပြန်မှုအခြေအနေများနှင့် ကျောက်ပန်းတောင်း မြို့နယ်အတွင်း လူအားလုံးတိုက်ကျွေးနိုင်ရေး စီမံဆောင်ရွက်သွားမည့် လုပ်ငန်းများနှင့်ပတ်သက်၍ ပရိုဂျက်တာဖြင့် ရှင်းလင်းတင်ပြပြီး၊ သက်ဆိုင်ရာရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေး အသင်းအဖွဲ့များမှ ပူးပေါင်းပါဝင်ဆောင်ရွက် ပေးနိုင်ကြ ရန်မေတ္တာရပ်ခံပြောကြားသည်။

 

ယင်းနောက် မြို့နယ်အုပ်ချုပ်ရေးမှူးက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ကာကွယ်ဆေး တိုက်ကျွေးရေး လုပ်ငန်းများ၌ သက်ဆိုင်ရာရပ်/ကျေးများအနေဖြင့် အပြည့်အဝပူးပေါင်း ပါဝင်ဆောင်ရွက် သွားကြရန်နှင့် လက်ရှိ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့်ပတ်သက်၍လည်း အသိနှင့် သတိကို ပေါ့လျော့မသွားကြရန် ဆွေးနွေး မှာကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

 

အဆိုပါ အခမ်းအနားသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်တုတ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင် နှင့်ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုင်းအောင်မြတ် ၊မြို့နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာသက်ဦးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

နေအောင်(ပြန်/ဆက်)

ကျောက်ပန်းတောင်းပြန်/ဆက်