ကျောက်ဆည် ၆  ဇူလိုင်

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ သံရွာကျေးရွာ၊ ကျေးလက်ကျန်းမာရေး ဌာနတွင် ဇူလှိုင် (၆) ရက် နံနက်(၉)နာရီက ဆင်ခြေထောက်ရောဂါ ကင်းဝေးရေး စီမံချက်ဖြင့် မြို့နယ်အတွင်းရှိ လူအားလုံးအား ကာကွယ်ဆေးများ တိုက်ကျွေးခြင်းနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

 

အသိပညာပေး ဆွေးနွေးပွဲတွင် သံရွာကျေးလက်ကျန်းမာရေးဌာနမှ လက်ထောက်ကျန်းမာရေးမှူး ဒေါ်စိုးစိုးအေးက ဆင်ခြေထောက်ရောဂါတိုက်ကျွေးခြင်းများနှင့်ပတ်သက်၍ ဆောင်ရွက်သွားမည့် အကြောင်းများကို ရှင်းလင်းပြောကြားခဲ့ပြီး ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ငှက်ဖျား တိုက်ဖျက်ရေးမှူး ဦးသက်နိုင်ဦးက ဆင်ခြေထောက်ရောဂါအကြောင်း သိကောင်းစရာများနှင့် ဆင်ခြေထောက် ရောဂါကင်းဝေးရေး စီမံချက်ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ဆွေးနွေးခဲ့သည်။

 

ဆွေးနွေးပွဲသို့ သံရွာကျေးလက်ကျန်းမာရေး ဌာနအောက်ရှိ ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများ ရာအိမ်မှူးများနှင့် ဆယ်အိမ်မှူးများ၊ ကျောင်းဆရာ/ဆရာမများ၊ လူမှုရေးအသင်းဝင်များနှင့် ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြပြီး ခြင်ခြေထောက်ဆေးတိုက်ကျွေးရာတွင်ကြုံတွေ့နိုင်သော ဆေးတုံ့ပြန်မှုများနှင့် ဖြေရှင်းဆောင်ရွက်သွား မည့်နည်းလမ်းများကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

 

သက်မောင်(ခရိုင်၊ပြန်/ဆက်)