ကျောက်ဆည် ၆ ဇူလိုင်

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇူလိုင်လ ၆ ရက် နံနက် ၁၀ နာရီခွဲက ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ ကျောက်ဆည်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲဉက္ကဌ ဦးအောင်ကြည်ရှိန်က ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင် ရေးဌာနဆိုင်ရာများမှ တက်ကြွစွာ ပါဝင်ဆောင်ရွက်ကြရေး၊ မြို့နယ်များတွင် အများယုံကြည် လေးစားခြင်းခံရသော ပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာများဖြင့်မြို့နယ်အလိုက် အဖွဲ့(၄)ဖွဲ့ခွဲကာတာဝန်များ ပေးအပ်ထားပြီးဖြစ်ရာ မိမိတာဝန်ကျ နယ်မြေများအလိုက် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ကြရေး၊ လုပ်ငန်း လမ်းညွှန်ချက်များ၊ ဉပဒေ၊ နည်းဉပဒေများနှင့်အညီ စနစ်တကျ ဆောင်ရွက်ရေး၊ မဲရုံမှူး၊ ဒုမဲရုံမှူးများ သင်တန်းဖွင့်လှစ် ပေးနိုင်ရေး ကြိုတင်စီမံ ဆောင်ရွက်ထားရှိရေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ဆက်လက်ပြီး ကျောက်ဆည်၊ စဉ့်ကိုင်၊ တံတားဦး၊ မြစ်သားမြို့နယ်များမှ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ  ဉက္ကဋ္ဌများမှ မဲစာရင်းများ ပြုစုဆောင်ရွက်ထားရှိမှုများ၊ မဲရုံမှူး၊ ဒုမဲရုံမှူးများအား ဆရာဆရာမများမှ တာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိရာ အင်အားလုံလောက်မှုမရှိသောကြောင့် ဌာနဆိုင်ရာများမှ ပူးပေါင်း ဆောင်ရွက်ရေး အသီးသီး ဆွေးနွေးကြပြီး ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲဝင်းက လုံခြုံရေးကိစ္စရပ်များ ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်သွားမည့် အစီအမံများ၊ မဲစာရင်းများ မှန်ကန်စွာ ပြုစုရေးနှင့် မြို့နယ်အလိုက် စနစ်တကျ ဆောင်ရွက်ရေး ရှင်းလင်းဆွေးနွေခဲ့ကြောင်း  သိရသည်။

           

 

တင်တင်ထွေး(ပြန်/ဆက်)