ဆိပ်ဖြူ  ၆  ဇူလိုင်  

 

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် အိမ်တွင်းလက်မှုလုပ်ငန်းတစ်ခုဖြစ်သည့် ဝါးထရံယက် လုပ်ခြင်း လုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် မိသားစုဝင်ငွေရရှိပြီး နေ့စဉ်စားဝတ်နေရေးအတွက် အဆင်ပြေလျက်ရှိကြောင်း သိရသည်။

 

ယခင်က ဝါးထရံယက်လုပ်ရာတွင် ဒေသထွက် ဝါးမျိုးများကိုသာအသုံးပြုခဲ့ကြပြီး ယခုအခါ ဝါးထရံ ယက်လုပ်ရန် ကုန်ကြမ်းပစ္စည်းတစ်ခုဖြစ်သည့် တင်းဝါးအမျိုးအစားများကို ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဒိုက်ဦးမြို့နယ်နှင့် နေပြည်တော်ဒေသတို့မှ မှာယူရပြီး ဝါးတစ်လုံး ဒေသအရောက် ၅၇၀ နှုန်းဖြင့်ဝယ်ယူ လုပ်ကိုင်ရပါကြောင်း သိရသည်။

 

ဝါးထရံယက်လုပ်နေသူ တစ်ဦးက ဝါးထရံယက်လုပ်ရာတွင် ရိုးရိုး(အထူ)၊ နှစ်ပါးချီ၊ ကွက်ဆန်းနှင့် ပွဲထောင်ဆိုပြီး အမျိုးအစား (၄)မျိုးယက်လုပ်ရောင်းချရပါကြောင်း၊ ၁ ပေ ပတ်လည်(စတုရန်း)ကွက် တစ်ကွက်ကို ရိုးရိုး(အထူ)ဆိုလျှင် ငွေကျပ် ၂၀ဝ ၊ ပွဲထောင်နှင့် နှစ်ပါးချီဆိုလျှင် ငွေကျပ် ၃၀ဝ၊ ကွက်ဆန်းဆိုလျှင် ငွေကျပ်  ၅၀ဝ နှုန်းရရှိပြီး တစ်နေ့လျှင် မိသားစုတစ်စုအနေဖြင့် အိမ်တွင်းလက်မှု ဝါးထရံ (ရိုးရိုးအထူ) ယက်လုပ် ရာတွင် (၁၀) ပေပတ်လည် တစ်ချပ်မှ တစ်ချပ်ခွဲထိ နေ့စဉ်ယက်လုပ် ပြီးစီးပါကြောင်း၊ တစ်ပိုင်တစ်နိုင်အိမ် တွင်းလုပ်ငန်းမှ ကျပ် ၁၅၀ဝ၀ မှ  ကျပ် ၂၀ဝ၀ဝ ထိ မိသားစု ဝင်ငွေရရှိပါကြောင်း ပြောပြချက်အရ သိရှိရသည်။

 

ကိုမျိုး(ယောဧရာ)