မကွေး ဇူလိုင် ၆
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက COVID-19 ကြောင့် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ ထိခိုက်မှုများကို တုန့်ပြန် ဆောင်ရွက်သည့်အနေဖြင့် ချောက်မြို့နယ်အတွင်း Cash for Work စီမံကိန်းကို ကျေးရွာပေါင်း(၁၂)နှင့် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းကို ကျေးရွာပေါင်း(၁၂)ရွာတွင်လည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
အဆိုပါ စီမံကိန်းများအနက် Cash for Work စီမံကိန်းသည် ထောက်ပံ့ ရန်ပုံငွေ ကျပ်သိန်း ၁၀ဝ ဖြင့် သတ်မှတ်ချက် နှင့်ကိုက်ညီသော ကျေးရွာ၏ လိုအပ်ချက်များကို ကျေးရွာလူထုကိုယ်တိုင် ရွေးချယ် ဖော်ထုတ်ပြီး ကျေးရွာသူ၊ ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်စေပြီး ချက်ခြင်းလုပ်အားခ ပေးချေခြင်းစနစ်ဖြင့် ကျေးလက်နေပြည်သူများ ဝင်ငွေရရှိစေရန်ရည်ရွယ်၍ အကောင်အထည် ဖော်ဆောင်ရွက်ပေးသည့် စီမံကိန်းဖြစ်ပါကြောင်း၊ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းသည် အသေးစား စိုက်ပျိုးထုတ်လုပ်သူများ၊ လုပ်ကွက်ငယ်တောင်သူများ သွင်းအား စုရရှိစေရေးနှင့် မိသားစုဝင်ငွေတိုးပွားလာစေရန်အတွက် ကျေးရွာရှိအိမ်ခြေအပေါ်မှုတည်ပြီး ကျေးရွာ မတည်ရန်ပုံငွေ ကျပ်သိန်း(၁၀ဝ)မှ သိန်း(၃၀ဝ)အထိ ထောက်ပံ့၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ချောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မေသက်နိုင်က ပြောပြ၍ သိရသည်။
ချောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အနေဖြင့် စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာများကို သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့်အတူ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ စီမံကိန်း မိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းများကို ဇူလိုင်လပထမပတ်က စတင်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စိုးမိုးကျော်


