ကျုံပျော် ၆ ဇူလိုင်
ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးအထူးကောင်းမွန်ရန်၊ မွေးဖွားသည့်ကလေးငယ်များ ကျန်းမာသန်စွမ်း စေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ မိခင်နှင့်ကလေး ကျန်းမာရေး ဌာနတွင် ကိုယ်ဝန်ဆောင်မိခင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဇူလိုင် ၆ ရက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာတင်ဇော်ဝင်းက ကိုယ်ဝန်ဆောင် မိခင်များ အနေဖြင့် စောနိုင်သမျှစောစွာ ကျန်းမာရေးဌာနတွင် ကိုယ်ဝန်အပ်နှံရန် လိုအပ်ကြောင်း၊ သတ်မှတ်ရက်များအလိုက် လာရောက်ပြသကာ ကျန်းမာရေးစောင့်ရှောက်မှု ခံယူရန်လိုအပ်ကြောင်း၊ သို့မှသာ ကိုယ်ဝန်ဆောင်မိခင် သေဆုံးမှုလျှော့ကျမှာဖြစ်ကြောင်း၊ တက်ရောက်လာသူများ အနေဖြင့်လည်း အများပြည်သူသိရှိရန် ဖြန့်ဝေပြောကြားစေလိုကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။
ထိုသို့ ကိုယ်ဝန်ဆောင်မိခင်များအတွက် ကျန်းမာရေးစစ်ဆေးရာတွင် HIV, AIDS ရောဂါပိုးရှိမရှိ စစ်ဆေးခြင်း၊ ကိုယ်အလေးချိန်ရယူခြင်း၊ အရပ်တိုင်းခြင်း၊ဆီးစစ်ခြင်း၊ ကိုယ်ဝန်ဆောင်မေးခိုင် ကာကွယ်ဆေးနှင့် အခြားကာကွယ်ဆေးများထိုးနှံခြင်း၊ ဖောလစ်အက်စစ်နှင့် ဘီတာမင် ဘီဝမ်း စသည့် သောက်သုံးရန် အားဆေးများပေးခြင်း၊ နှစ်သိမ့်ဆွေးနွေးခြင်းတို့အပြင် ကိုယ်ဝန်ဆောင် အမျိုးသမီး၏ ခင်ပွန်းကိုပါ ကျန်းမာရေး စစ်ဆေးပေးခြင်းကို တစ်ပါတည်း ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
နေဝင်းမြင့်(ပြန်/ဆက်)


