မြင်းမူ ၆ ဇူလိုင်
ကိုဗစ်-၁၉ ကူးစက်ရောဂါမဖြစ်ပေါ်စေရေးအတွက် စားသောက်ဆိုင်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချခြင်းရှိ/မရှိ စစ်ဆေးဆောင်ရွက်ခြင်း လုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ပေါ်ရပ်ကွက် အသီးသီးရှိ ဈေးဆိုင်များအား လိုက်လံစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
ဈေးရောင်းချသည့်ဈေးဆိုင်များ သတ်မှတ်ထားသည့်အတိုင်း လက်ဆေးကန်များထားရှိမှု၊ ဆိုင်ထိုင်စားသုံးသူများအတွက် ထိုင်ခုံအခင်းအကျင်း/အကာအရံ၊ ထိုင်ခုံတစ်ခုနှင့်တစ်ခုကြား အကွာအဝေး လာရောက်စားသုံးသူများလိုက်နာရန် အသိပေးပိုစတာများထားရှိမှု စသော လမ်းညွှန်ကြားချက်များကို လိုက်နာခြင်းရှိရန် အခုလိုဆောင်ရွက်ခြင်းဖြစ်ကြောင်း ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းထံမှ သိရှိရသည်။
လိုက်လံစစ်ဆေးလျက်ရှိသောအဖွဲ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပါဝင်ပြီး ဈေးဆိုင်များအား အပတ်စဉ် လိုက်လံစစ်ဆေးခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။
အောင်စိုးဖေ (မြင်းမူ)


